လူ ၂၀ ထက်မနည်းသေဆုံး

October 11, 2020

ထိုင်းနိုင်ငံတွင် ကားနှင့်ရထားတိုက်မိပြီး လူ ၂၀ ထက်မနည်းသေဆုံး

ထိုင်းနိုင်ငံ ချာ့ချင်းဆောင်ခရိုင်မှာ အောက်တိုဘာ ၁၁ ရက်က ဘုန်းကြီးကျောင်းဆီကို လာတဲ့ ဘတ်စ်ကားနဲ့ ရထားတစီး တိုက်မိလို့ လူ အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ဘန်ကောက်မြို့တော် အရှေ့ဘက် မိုင်လေးဆယ်အကွာ ကလောင်ကွမ်ကလန် ဘူတာအနား ဒေသစံတော်ချိန် မနက် ၈ နာရီ ၅ မိနစ်မှာ တိုက်မိတာလို့ ချာချင်းဆောင်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  စက်ရုံလုပ်သားအယောက် ၆၀ ကို တင်လာတဲ့ ခရီးသည်တင် ဘတ်စ်ကားဟာ ဘုန်းကြီး ကျောင်းက အခမ်းအနားတခုကို သွားရင်း ဘန်ကောက်ကနေ ထိုင်းအရှေ့ပိုင်းကို ဦးတည်လာတဲ့ ရထားနဲ့ ရထားလမ်းဆုံမှာ တိုက်မိခဲ့တာပါ။  တိုက်မိတဲ့ အရှိန်ကြောင့် ဘတ်စ်ကား ဘေးတိုက်လဲပြီး ထိပ်ပိုင်း ပွင့်ထွက်ခဲ့ပေမဲ့ ရထားကတော့ လမ်းမချော်ခဲ့ပါဘူး။  အခင်းဖြစ်ရာနေရာမှာ အပျက်အစီး သံတိုသံစတွေ ပြန့်ကျဲနေတာကို ဒေသခံ ရုပ်သံ ကွန်ရက်တွေက ပြသထားပါတယ်။  ရထားလမ်းနဲ့ ကားလမ်းဆုံရာ လမ်းဆုံမှာ သတိပေးစနစ် တပ်ထားပေမယ့် ရထားဖြတ်ချိန် ကားလမ်းကို ပိတ်ထားဖို့ အရံအတား မရှိဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  ခုတော့ ခရိုင်အာဏာပိုင်တွေဟာ အရှိန်ထိန်း လမ်းခုံးကို တပ်ပြီး ဖြတ်လမ်းဆုံနားမှာ သစ်ပင်တွေကို ခုတ်ပြီး မြင်နိုင်စွမ်း တိုးတက်အောင် လုပ်မယ်လို့ သူက ဆက်ပြောပါတယ်။  ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ လမ်းမတော်တဆမှုအတွင်း လူသေအများဆုံး နိုင်ငံစာရင်းထဲမှာ ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။  လတ်တလော နှစ်တွေအတွင်း ဘေးကင်းရေး လှုပ်ရှားမှုတွေ လုပ်ခဲ့ပေမဲ့ တိုးတက်မှု နည်းနည်းသာ ရှိတယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။
7 months Ago
Up