လူ ၂၀၀ ခန့်ကို ထိန်းသိမ်း

April 23, 2018

အာမေးနီးယားတွင် ဆန္ဒပြပွဲများ ဆက်ဖြစ်၊ လူ ၂၀၀ ခန့်ကို ထိန်းသိမ်း

အာမေးနီးယားနိုင်ငံ ယေရေဗန်မြို့မှာ ဧပြီ ၂၂ ရက်ညက ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။ အစောပိုင်းမှာ ချီတက်ပွဲကို ရဲတွေက နံပါတ်တုတ်တွေ ဒိုင်းတွေသုံးပြီး ဖြိုခွဲဖို့ ကြိုးစားခဲ့ပေမယ့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ မြို့လယ်မှာ စုရုံးခဲ့ကြပါတယ်။ အတိုက်အခံ ခေါင်းဆောင် ၃ ယောက်နဲ့ ဆန္ဒပြသူ အယောက် ၂၀၀ လောက်ကို ရဲတွေက ဧပြီ ၂၂ ရက်နေ့မှာ ထိန်းသိမ်းခဲ့ပါတယ်။ ဥရောပသမဂ္ဂက ဖမ်းဆီးမှုတွေကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အသစ်ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့တာပါ။ သမ္မတတာဝန်ကို ဆယ်နှစ်ကြာ ထမ်းဆောင်ခဲ့သူကို ဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ဒီလထဲမှာ ခန့်အပ်ခဲ့တာပါ။ ပြည်သူတွေကတော့ သူဟာ အာဏာကို ဖက်တွယ်ထားတယ်လို့ ပြောပါတယ်။ ထောင်သောင်းချီနေတဲ့ အတိုက်အခံတွေက မြို့တော်တလွှား ချီတက်ခဲ့ကြပြီး လမ်းတွေကို ပိတ်ဆို့ရင်း ထိုင်သပိတ် ဆင်နွှဲခဲ့ကြပါတယ်။ ဆန္ဒပြမှု အများအပြားက ငြိမ်းချမ်းပေမယ့် ရုရှားရဲ့ အဓိက မဟာမိတ် အာမေးနီးယား နိုင်ငံမှာ တည်ငြိမ်မှုကို ခြိမ်းခြောက် လာခဲ့တာပါ။ တကယ်လို့ အောင်မြင်ခဲ့ရင် ဆိုဗီယက် ယူနီယံဟောင်းမှာ သြဇာလွှဲပြောင်းမှု ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့စွမ်းအား ဥပမာတရပ် ဖြစ်လာမယ်လို့ မီဒီယာတွေက သုံးသပ် အစီရင်ခံ ထားပါတယ်။
3 years Ago
Up