လူ့အခွင့်အရေးလှုပ်ရှားသူ

March 19, 2019

ချေချင်းညာ လူ့အခွင့်အရေးလှုပ်ရှားသူ ထောင်ဒဏ်ချခံရမည့် အရေးနှင့် ရင်ဆိုင်နေရ

ရုရှားနိုင်ငံ ချေချင်းညာဒေသထဲမှာရှိတဲ့ ရှာလီမြို့ တရားရုံးက ထင်ရှားတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အာယွတ်ဖ် တီတီယက်ဗ်ဟာ ထောင်ဒဏ်စီရင်ချက် ချခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ချေချင်း လူ့အခွင့်အရေးအုပ်စုခေါင်းဆောင် အသက် ၆၁ နှစ်အရွယ် သူ့ကို ထောင်ဒဏ် လေးနှစ် ပြစ်ဒဏ်ချဖို့ အစိုးရ ရှေ့နေတွေက တောင်းဆိုထားပါတယ်။ သူဟာ မနှစ်က ဆေးခြောက်လက်ဝယ်တွေ့မှုနဲ့ စွပ်စွဲခံခဲ့ရတာပါ။ သူ့ကိုလွှတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ ဥရောပလွှတ်တော်က တောင်းဆိုခဲ့ပါတယ်။ ဒီအမှုမှာ ဟာကွက်တွေရှိနေပြီး သူ့ကိုနှုတ်ပိတ်ဖို့ ရည်မှန်းထားတဲ့ အမှုလို့လည်း ပြောပါတယ်။ ရုရှားရဲတွေဟာ အာယွတ်ဖ်ရဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးဖို့ သူ့ကို ရပ်ခိုင်းပြီး ရှာဖွေရာ သူ့ကားထဲမှာ ဆေးခြောက်တွေ့လို့ ၂၀၁၈ ဇန်နဝါရီလမှာ ဖမ်းခဲ့တာပါ။ အဲဒီနောက် ဆေးခြောက် ၇ အောင်စကျော်ကို တရားမဝင် ပိုင်ဆိုင်မှုနဲ့ တရားစွဲခဲ့ပါတယ်။ ဒီအမှုဟာ အာယွတ်ဖ်ကို နှိပ်ကွပ်ဖို့နဲ့ သူ့အလုပ်အတွက် အပြစ်ပေးဖို့ ပစ်မှတ်ထားတဲ့ လုံးဝ ကျော်မကောင်း ကြားမကောင်းမှုပဲလို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒုညွှန်မှူး ရာချယ် ဒန်ဘာက ပြောပါတယ်။ ချေချင်းခေါင်းဆောင် ရမ်ဇမ် ကာဒီရော့ဖ်ကလည်း ရုရှားဒေသအတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ပိတ်ပင်ဖို့ ကတိပြုထားပါတယ်။ ကာဒီရော့ဖ်ဟာလည်း လူ့အခွင့်အရေးကို စနစ်တကျ အလွဲသုံးစားလုပ်မှုတွေမှာ ကြီးကြပ်ကွပ်ကဲနေတယ်လို့ ထပ်ခါတလဲ စွပ်စွဲခံထားရပါတယ်။
3 years Ago

February 15, 2019

မြန်မာပြည်တွင်း လူ့အခွင့်အရေးလှုပ်ရှားသူ ၃ ဦးကို ဥရောပသမဂ္ဂက ဆုချီးမြှင့်

မြန်မာပြည်တွင်းမှာ ကျားမရေးရာ၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ် ၃ ဦးကို ဥရောပသမဂ္ဂ (အီးယူ) ကနေ ၂၀၁၉ 2019 SCHUMAN AWARDS ဆုတွေ ချီးမြှင့်လိုက်ပါတယ်။ လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်နန်းပုနဲ့ လူငယ်ခေါင်းဆောင်နဲ့ လူ့အခွင့်အရေးထောက်ခံအားပေးသူ ကိုအောင်ကျော်မိုးတို့ကို ဖေဖော်ဝါရီ ၁၄ရက် ညက ရန်ကုန်မြို့ရှိ  အီးယူသံအမတ်ကြီးနေအိမ်မှာ အခမ်းအနားနဲ့ ပေးအပ်ချီးမြှင့်ခဲ့တာပါ။ အီးယူသံအမတ်ကြီး  Kristian Schmidt က "ဒီညချီးမြှင့်ရတဲ့ ဆုဟာ ပြောဆိုနိုင်ခွင့်မရှိသူတွေ၊ အားနည်းသူတွေနဲ့ မိမိကိုယ်တိုင်အတွက်မဟုတ်ဘဲ လူသားအားလုံးအတွက်အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာရန်တောင်းဆိုသူတွေအတွက် ရပ်တည်ပြောဆိုပေးကြတဲ့ သူတို့ရဲ့ သတ္တိကို ချီးမြောက်ဂုဏ်ပြုတာ”လို့ ပြောပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတကာသံအမတ်ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ တက်ရောက်ကြပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ တကမ္ဘာလုံးကတန်ဖိုးထားတဲ့ ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေမြှင့်တင်ဖို့ ရှုးမန်းဆုတွေကို နှစ်စဉ် ရွေးချယ် ပေးအပ်နေတာဖြစ်ပါတယ်။
3 years Ago
Up