လူ့အခွင့်အရေး

August 14, 2018

ချီလီ ယဉ်ကျေးမှုဝန်ကြီး ရာထူးက နုတ်ထွက်

လူ့အခွင့်အရေးပြတိုက်တခုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့မိတဲ့ ချီလီ ယဉ်ကျေးမှုဝန်ကြီးဟာ သြဂုတ် ၁၃ ရက်နေ့က ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ချီလီ ယဉ်ကျေးမှုဝန်ကြီး မော်ရီစီယို ရိုဟက်စ်ဟာ ၂၀၁၅ ခုနှစ်က ဆန်တီယေဂိုမြို့မှာ ဖွင့်လှစ်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြတိုက်ကို ဂိုဒေါင်တခုသာဖြစ်တယ်လို့ ပြောကြားခဲ့သလို ပြတိုက်ရဲ့ ရည်ရွယ်ချက်မှာလည်း သမိုင်းကို လိုသလို ပုံဖော်ဖန်တီးပြီး လာရောက်ကြည့်ရှုသူတွေကို တုန်လှုပ်သွားအောင် လုပ်ဖို့သာ ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ချီလီယဉ်ကျေးမှုဝန်ကြီးရဲ့ ၂၀၁၅ ခုနှစ်က ပြောကြားချက်တွေ အခုသီတင်းပတ်အတွင်း ထွက်ပေါ်လာပြီးနောက်မှာ ယဉ်ကျေးမှုဝန်ကြီးက သူ့ရဲ့ အဲဒီကာလက မှတ်ချက်စကားတွေဟာ အခုလက်ရှိ သူ့ရဲ့အမြင်ကို ထင်ဟပ်ဖော်ပြနိုင်ခြင်း မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ချီလီအာဏာရှင် ပီနိုချေးလက်ထက်က ဖြစ်ပွားခဲ့တဲ့ လက်ခံနိုင်စရာမရှိ၊ ဝမ်းနည်းစရာကောင်းတဲ့ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဘယ်တော့မှ သေးသိမ်သွားအောင် မလုပ်သလို ဝေဖန်ဆုံးဖြတ်ခဲ့တာမျိုးလည်း မရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ လက်ဝဲ၊ လက်ယာ နိုင်ငံရေးသမားတွေက ဖိအားပေးခဲ့တာကြောင့် ချီလီယဉ်ကျေးမှုဝန်ကြီးဟာ ဝန်ကြီးတာဝန်ကို ၄ ရက်သာ ထမ်းဆောင်ခဲ့အပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပြတိုက်ဟာ ချီလီစစ်အာဏာရှင် ပီနိုချေးလက်ထက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြသထားတဲ့ ပြတိုက်လည်း ဖြစ်ပါတယ်။
3 years Ago

February 22, 2018

လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး အဆိုးဆုံး နိုင်ငံ့ခေါင်းဆောင်များတွင် ဖိလစ်ပိုင်သမ္မတ ပါဝင်

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အဆိုးဆုံး နိုင်ငံ့ခေါင်းဆောင်တွေစာရင်းမှာ  ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (အေအိုင်) က ထည့်သွင်းလိုက်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ ကျော်ရဲ့ နှစ်စဉ် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်နေတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က သမ္မတ ဒူတာတေးကို လူ့အခွင့်အရေးနယ်ပယ်မှာ အဆိုးဆုံး နိုင်ငံခေါင်းဆောင်တွေထဲက တဦးအနေနဲ့ ဒုတိယအကြိမ်မြောက် ၂ နှစ်ဆက်တိုက် ဖော်ပြခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က သမ္မတဖြစ်လာပြီိးနောက်ပိုင်း ဒူတာတေးရဲ့ သွေးစွန်းနေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်မှု စစ်ဆင်ရေးကြောင့် သေဆုံးသူ ၃၀၀၀ ကျော်နေပါပြီ။ “လက်တွေ့ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ကမ္ဘာကြီးကို လက်တွေ့ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ကျနော်ထပ်ပြီး ဖော်ပြပါတယ်။ အဲဒါတွေကတော့ မူးယစ်မှုနဲ့ စွပ်စွဲခဲ့ထားရတဲ့ တရားခံတွေကို စစ်ဆေးမှုမရှိဘဲ သတ်ဖြတ်မှုတွေပါ။ အဲလိုကိစ္စတွေအတွက် ဘယ်ရဲအရာရှိကမှ တာဝန်ယူတယ်မရှိပါဘူး။ အသတ်ခံရသူတွေရဲ့ မိသားစုတွေကလည်း တိုင်ကြားတာလုပ်ရင် ရဲတွေက ပြန်လက်စားချေမှာကို ကြောက်နေကြပါတယ်” လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဖိလစ်ပိုင်ဌာနခွဲ ဒါရိုက်တာ ဂျော့အိုလန်နိုက ပြောပါတယ်။ သမ္မတ ဒူတာတေးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နဲ့အတူ လူအခွင့်အရေးနယ်ပယ်မှာ အဆိုးဆုံး နိုင်ငံခေါင်းဆောင်တွေအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ “အရှေ့တောင်အာရှမှာ အစိုးရတွေက ပြည်သူတွေကြား အငြင်းပွားစရာ ကိစ္စရပ်တွေအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြပါတယ်။ ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ အစိုးရအပေါ် ဝေဖန်သူတွေကို ပြင်းထန်တဲ့ ဥပဒေတွေနဲ့ အရေးယူနေကြပါတယ်။ ဖိလစ်ပိုင်မှာ သမ္မတ ဒူတာတေးရဲ့ အစိုးရက ဝေဖန်သူတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ဆက်လက်တိုက်ခိုက်နေပါတယ်။ ပုဂ္ဂလိက သတင်းဝက်ဘ်ဆိုက်တခုကိုလည်း ပိတ်ပစ်ခဲ့ပါတယ်” လို့ ဂျော့အိုလန်နိုက ပြောပါတယ်။
3 years Ago
More News
Up