လူ့ဘီလူးကြီး

January 13, 2017

ကမ္ဘာ့အသန်စွမ်းဆုံးလူသားအဖြစ် နာမည်ကြီးနေသည့် ပါကစ္စတန် လူ့ဘီလူးကြီး (ရုပ်သံ)

ပါကစ္စတန်နိုင်ငံမှ ကိုယ်အလေးချိန်ပေါင် ၉၆၀ ရှိတဲ့ အမျိုးသားတဦးဟာ ကမ္ဘာ့အသန်စွမ်းဆုံး လူသားတဦးအဖြစ် နာမည်ကျော်ကြားနေတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဇန်နဝါရီ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ အာဘက်ဘ် ကိုင်ဇာဟေးရက်တ် အမည်ရတဲ့ အဲဒီအမျိုးသားကို နိုင်ငံတွင်းမှာတော့ ပါကစ္စတန်ရဲ့ လူသန်ကြီးလို့ လူသိများပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ထွန်စက်ယာဉ်တစီးနဲ့ ကားတွေကို လက်ချည်းဗလာသက်သက်နဲ့ ရပ်တန့်တွန်းထုတ်ပစ်လိုက်နိုင်ခဲ့တဲ့ သူ့ရဲ့စွမ်းရည်ကို တွေ့ရပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဟေးရက်တ်က အလေးမနဲ့ နပန်းချန်ပီယံတဦး ဖြစ်ချင်တယ်လို့ ပြောပါတယ်။ “ကျနော့်ရည်ရွယ်ချက်က ချန်ပီယံတယောက်ဖြစ်ဖို့ပါပဲ။ ကျနော့်ရဲ့ ခုလိုခန္ဓာကိုယ်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ အခုအချိန်ကတော့ ကမ္ဘာ့ဝိတ်တန်းပြိုင်ပွဲ မဝင်ခင်မှာ ပြင်ဆင်နေရချိန်ပါပဲ။” ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်မှုအတွက် ဟေးရက်တ်ရဲ့ နေ့စဉ်စားသောက်နေထိုင်မှု ပုံစံဟာလည်း တကယ့်ကို အံ့သြစရာပါပဲ။ နေ့စဉ် ကယ်လိုရီပမာဏ ၁၀၀၀ လောက်ရှိစေဖို့ မနက်စာအဖြစ် ကြက်ဥ ၃၆ လုံး၊ အသား ၇ ပေါင်၊ နွားနို့ ၅ လီတာထက်မနည်း စားသောက်နေတာပါ။ အရပ်အမြင့် ၆ ပေ ၃ လက်မရှိတဲ့ ဟေးရက်တ်အဖို့ သူ့ရဲ့ ကိုယ်အလေးချိန်နဲ့ မျှတတာမို့ တခြားကျန်းမာရေးပြဿနာတွေ မရှိဘူးလို့ ဆိုပါတယ်။ “ကျနော့်မှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ မရှိသလို နေရတာလည်း သက်တောင့်သက်သာပါပဲ။ ဒါပေမယ့် ကျနော်က ကမ္ဘာ့အသန်ဆုံးလူသားဖြစ်ချင်တော့ ကျနော့်ကိုယ်ကျနော် ထိန်းသိမ်းရတာပေါ့” လို့ သူက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံ၊ မာဒန်မြို့မှာ နေထိုင်တဲ့ ဟေးရက်တ်ဟာ သူ့ရဲ့ ငယ်ဘဝ ဆယ်ကျော်သက်အရွယ်မှာ ခုလိုကြီးထွားမှု စတင်ခဲ့တာလို့ ဆိုပါတယ်။ ဟေးရက်တ်က သူဟာ ဂျပန်အလေးမချန်ပီယံပြိုင်ပွဲတွေမှာ အလေးချိန် ပေါင် ၁ သောင်းထက်မနည်းတဲ့ အလေးချိန်ကို မတင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ သူနေထိုင်ရာဒေသတွင်းမှာတော့ ဟေးရက်တ်ဟာ စတားတယောက် ဖြစ်နေခဲ့ပါပြီ။ ဒေသခံပရိသတ်ပေါင်း ၁၀၀ လောက်ဟာ နေ့စဉ် ဟေးရက်တ်ရဲ့နေအိမ်ဆီ လာရောက်လည်ပတ် လေ့လာကြသလို သူနဲ့အတူတွဲပြီး ဓာတ်ပုံတွေ ရိုက်နေကြတာပါ။ “ဒီမှာရှိနေကြတဲ့ လူတွေရဲ့ ချစ်ခင်အားပေးမှုကို ကျနော်ရပါတယ်။ ဒါပေမယ့် ကျနော် ဒီမှာတင် မရပ်တန့်လိုက်ချင်ပါဘူး။ ကျနော် ကမ္ဘာသိ စတားတယောက် ဖြစ်ချင်ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ မရှိဘူးသေးတဲ့ လူသန်ကြီးတယောက်ဖြစ်လာဖို့ အပြောင်းအလဲတွေကို မျှော်လင့်ပါတယ်။”
5 years Ago
Up