လူ့ဘီလူး

May 25, 2017

ကြောက်မက်ဖွယ်သွင်ပြင်ကြောင့် လူ့အသိုင်းအဝိုင်းကြား ဖယ်ကြဉ်ခံနေရသည့် ကျိန်စာသင့် လူ့ဘီလူး (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံမှ အသက် ၂၆ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တဦးဟာ ကြောက်မက်ဖွယ်သွင်ပြင်ကြောင့် လူတွေက သူ့ကို နတ်ဆိုးကျိန်စာသင့်တဲ့ လူ့ဘီလူးတဦးလို့ သမုတ်ပြီး ဖယ်ကြဉ်ခံနေရပါတယ်။ အန်တိုနီယို ရီလော့ဂ်ျ အမည်ရတဲ့ အဲဒီအမျိုးသားဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက မိဘတွေရဲ့ စွန့်ပစ်ခံခဲ့ရတာဖြစ်ပြီး အဖွားဖြစ်သူနဲ့အတူ အက်ခ်လန်ခရိုင်မှာ နေထိုင်ခဲ့တာပါ။ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့မှာ မီးလောင်ပြင်လို ကြမ်းတမ်းထူထဲနေတာမို့ သူ့အသွင်အပြင်ဟာ တကယ့်ကို ဘီလူးတကောင်လို ထိတ်လန့်စရာ ကောင်းနေခဲ့တာပါ။ ဒါဟာ ကျိန်စာသင့်နေတာဖြစ်ပြီး သူဟာ လူသားတယောက်မဟုတ်တဲ့ နတ်ဆိုး ဘီလူးတကောင်ဖြစ်တယ်လို့ လူအများက သမုတ်ခဲ့ကြကာ သူ့ရဲ့ ဘဝတလျှောက်လုံး အနိုင်ကျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ မွေးရာပါ မျိုးဗီဇနဲ့ အရေပြားရောဂါတမျိုးကြောင့် ခုလိုဖြစ်ခဲ့ရတာဖြစ်ပြီး လူအများကြား သွားလာမှုမလုပ်နိုင်ဘဲ သစ်သားအိမ်ကလေးထဲမှာသာ နေထိုင်နေခဲ့ရတာပါ။ ဘုရားကျောင်းနဲ့ ဒေသတွင်း ဈေးတွေထဲ လှည့်လည်သွားလာရတာကို နှစ်သက်တဲ့ အန်တိုနီယိုက လျှပ်စစ်နည်းပညာကျွမ်းကျင်သူတဦး ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ “ကျနော်ငယ်ငယ်တုန်းက အပြင်ထွက်ပြီး လှည့်လည်သွားလာရတာကို သဘောကျပါတယ်။ ဒါပေမယ့် လူတွေက ကျနော့်ကို သရဲတစ္ဆေတကောင်လို့ ပြောခဲ့ကြတယ်။ နောက်တော့ ကျနော် အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေတော့တယ်။ ကျနော် ပြန်ပြီး ကျန်းကျန်းမာမာ နေချင်ပါတယ်။ လျှပ်စစ်ပညာရှင်တဦးအဖြစ် အလုပ်တခုနဲ့ ကျနော် ရပ်တည်ရှင်သန်ချင်တဲ့ အိပ်မက်ရှိပါတယ်။” လက်ရှိမှာတော့ အန်တိုနီယိုရဲ့ရောဂါကို ဆေးကုသမှုပေးမယ့်သူတဦး ထွက်ပေါ်လာခဲ့ပြီး သူ့ကို မြို့တော်မနီလာကို ခေါ်ဆောင်သွားကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အန်တိုနီယိုက “ကျနော် လှုပ်ရှားမှု များများလုပ်လိုက်တာနဲ့ ကျနော့်အရေပြားတွေ အရမ်းနာကျင်ရပါတယ်။ လူတွေ ကျနော့်ကို နားလည်လာစေဖို့ မျှော်လင့်မိပါတယ်။ ကျနော်ဟာလည်း သူတို့လိုပဲ လူသားတဦးဖြစ်တယ်ဆိုတာကိုပေါ့” လို့ ပြောပါတယ်။
4 years Ago
Up