လူဝံ ၇ ကောင်

February 10, 2016

တောတွင်းနေထိုင်နည်းသင်တန်းဆင်း လူဝံ ၇ ကောင်ကို စားကျက်မြေထဲ ပြန်လွှတ်မည် (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဝန်ကြီးက ကျန်းမာရေး စစ်ဆေးပြီးသား အော်ရန်အူတန် လူဝံ ၇ ကောင်ကို သဘာဝစားကျက်မြေထဲ ပြန်လွှတ်ပေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဖေဖော်ဝါရီ ၉ ရက်နေ့က ပြောလိုက်ပါတယ်။ အစိုးရနဲ့ ဘော်နီယို လူဝံရှင်သန်ရေး ဖောင်ဒေးရှင်းတို့က စီစဉ်လုပ်ဆောင်တဲ့ နေရပ်ပြန်ပို့ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ နိုင်ငံတွင်း မျိုးရင်းလူဝံတွေ ဆက်ရှင်သန်တာ သေချာစေရေး ရည်မှန်းထားပါတယ်။ ၂၀၁၅ ခုနှစ်က ကယ်တင်ခဲ့ရတဲ့ လူဝံ ၁၅ ကောင်ထဲက ၇ ကောင်ကို ကလီမန်တန်နဲ့ စူမားတြား ကျွန်းတွေပေါ်က သူတို့ စားကျက်မြေဆီ ပြန်လွှတ်ပေးမှာပါ။ သူတို့ကို သဘာဝစားကျက်မြေဆီ ပြန်မလွှတ်မီ မျိုးဗီဇ၊ အသက်၊ အမူအကျင့်နဲ့ အထွေထွေ ကျန်းမာရေးတွေကို စစ်ဆေးပေး ခဲ့ပါတယ်။ လူဝံတွေဟာ အရှေ့တောင်အာရှ မျိုးရင်းပါ။ စားကျက်မြေ လျော့ပါးတာနဲ့ တရားမဝင် အမဲလိုက်တာတွေကြောင့် လူဝံကောင်ရေ လျော့ကျလာပြီး မျိုးသုဉ်းမယ့် ဘေးနဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ် ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး မုတ်သုန်သစ်တောတွေ ပိုင်ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံမှာ ဒီပြဿ နာကို ဖြေရှင်းဖို့ ဥပဒေအသက်သွင်းရေး ရေရှည် စီမံကိန်းတွေ ချမှတ်ဖို့၊ တောမီးကို ကိုင်တွယ်ဖြေရှင်း ဖို့နဲ့ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ပညာရှင်တွေက ဖိအားပေးနေခဲ့ကြပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တော ဝန်ကြီးဌာနကတော့ လာမယ့် ၅ နှစ်အတွင်း လူဝံကောင်ရေ ၁၀ ရာခိုင်နှုန်း တိုးလာဖို့ ရည်မှန်းထားပါတယ်။ ကလီမန်တန်ကျွန်းမှာ ၁၉၉၇ ခုနှစ်က ၆ လကြာ တော မီးကြောင့် လူဝံကောင်ရေ ၈ ထောင် သေဆုံးခဲ့တယ်လို့ ကမ္ဘာ့သားရိုင်း ရံပုံငွေအဖွဲ့ WWF က ဆိုပါတယ်။ လောလောဆယ် ဘော်နီယိုကျွန်းမှာ လူဝံကောင်ရေ ၄ သောင်းခွဲကနေ ၆ သောင်း ၉ ထောင် ကြားမှာ ရှိနေပြီး စူမားတျားကျွန်းမှာ လူဝံကောင်ရေ ၇ ထောင့် ၅ ရာလောက် ရှိတယ်လို့ WWF က ခန့်မှန်းထားပါတယ်။
6 years Ago
Up