လူဝံ

September 7, 2016

တရားမ၀င် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် လူဝံများ မျိုးတုံးပျောက်ကွယ်နိုင်

တရားမ၀င်ဖမ်းဆီးသတ်ဖြတ်မှုတွေ များပြားခဲ့တဲ့အတွက် လူဝံတွေ မျိုးတုံးပျောက်ကွယ်မယ့် အန္တရာယ် ရှိနေပြီလို့ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း အရှေ့လူဝံမျိုး အကောင်ရေ ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး အာဖရိက အလယ်ပိုင်းမှာ အကောင်ရေ ၅၀၀၀ ပဲ ကျန်ရှိတယ်လို့ ဆိုပါတယ်။ လူဝံ၊ မျောက်ဝံမျိုးစိတ် ၆ မျိုးမှာ ၄ မျိုးက မျိုးတုံးပျောက်ကွယ်မယ့် အခြေအနေလို့ ပြောပါတယ်။ ချင်ပန်ဇီနဲ့ ဘိုနိုဘို မျောက်ဝံမျိုးတွေကိုတော့ မျိုးတုံးပျောက်ကွယ်တော့မယ့်စာရင်း ထည့်သွင်းထားခဲ့ပြီး အခု လူဝံ၊ ဘော်နီယိုမျောက်ဝံနဲ့ ဆူမားတြားမျောက်ဝံမျိုးတွေကို မျိုးတုံးပျောက်ကွယ်နိုင်တဲ့ တောရိုင်းတိရစ္ဆာန်စာရင်းမှာ ထပ်ဖြည့် ထည့်သွင်းခဲ့တာပါ။ တဘက်မှာလည်း မျိုးတုံးပျောက်ကွယ်လု စာရင်းဝင်ခဲ့တဲ့ ပန်ဒါဝက်ဝံတွေကိုတော့ တရုတ်နိုင်ငံက စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့ အကောင်အရေအတွက် တက်လာတဲ့အတွက် မျိုးတုံးပျောက်ကွယ်မယ့် တိရစ္ဆာန်စာရင်းက ပယ်ဖျက်လိုက်ပါတယ်။ မျိုးတုံးပျောက်ကွယ်နိုင်တဲ့ တိရစ္ဆာန်နဲ့ အပင်မျိုးစိတ် ၈၃၀၀၀ နီးပါးကို အခုနှစ် စာရင်းသစ်ထဲ ထည့်သွင်းခဲ့ပြီး အဲဒီထဲက ၃ ပုံ ၁ ပုံကတော့ အစိုးရိမ်ရဆုံး အခြေအနေမှာ ရှိနေပြီလို့ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။
5 years Ago

September 8, 2015

အိုင်ဖုန်းထဲက ဓာတ်ပုံကို စိတ်ဝင်စားသည့် လူဝံ (ရုပ်သံ)

လူတွေစိတ်ဝင်စားတဲ့ တချို့အကြောင်းအရာတွေကို တိရစ္ဆာန်တွေကလည်း စိတ်ဝင်စားပါတယ်။ ဒီအထဲမှာ ဓာတ်ပုံတွေကို လူဝံတွေက စိတ်ဝင်စားတယ်လို့ ပြောရင် အံ့သြသွားမှာလား။ တိရစ္ဆာန်ရုံတရုံမှာတော့ လူငယ်တဦးက အိုင်ဖုန်းထဲကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို လူဝံကို ပြသရာမှာ လူဝံက စိတ်ဝင်တစားနဲ့ ကြည့်ရှုနေတာကို ဒီရုပ်သံမှာ တွေ့ရမှာ ဖြစ်ပါတယ်။ လူဝံရဲ့ ဓာတ်ပုံအပေါ် စိတ်ဝင်စားမှုကတော့ အံမခန်းပါ။ လူငယ်ပြတဲ့ ဓာတ်ပုံတွေကို ကာထားတဲ့မှန်ကနေ ကြည့်ရင်း နောက်ဆုံးမှာတော့ လူဝံနဲ့ လူငယ်တို့ အခန်းထောင့်တနေရာမှာ မှီပြီး ဓာတ်ပုံတွေကို အတူတကွ ကြည့်ရှုခဲ့ပါတယ်။ ဒီလိုကြည့်နေတဲ့ ဖြစ်ရပ်ကို လာရောက်လည်ပတ်သူတွေက ဓာတ်ပုံရိုက်ယူခဲ့ကြပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ကို ရိုက်ထားတဲ့ ရုပ်သံကို စက်တင်ဘာ ၆ ရက်က ယူကျုမှာ တင်ခဲ့ပြီး ကြည့်ရှုသူ ၁ သိန်းခွဲ ရှိသွားပြီ ဖြစ်ပါတယ်။
6 years Ago
Up