လူမြင်ကွင်းတွင် ဘီယာသောက်ရန် ဆွဲဆောင်ဖိတ်ခေါ်သည့် လှပျိုဖြူ ၃ ဦးကို ထိုင်းရဲဖမ်းဆီး

August 2, 2017

လူမြင်ကွင်းတွင် ဘီယာသောက်ရန် ဆွဲဆောင်ဖိတ်ခေါ်သည့် လှပျိုဖြူ ၃ ဦးကို ထိုင်းရဲဖမ်းဆီး

လူမြင်ကွင်းမှာ အများပြည်သူကို ဘီယာနဲ့ အရက်သေစာသောက်စားဖို့ ဆွဲဆောင် ဖိတ်ခေါ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထိုင်းလှပျိုဖြူ မိန်းကလေး ၃ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူတို့ ၃ ဦးဟာ ဘီယာမတ်ခွက်တွေ ကိုယ်စီကိုင်ထားခဲ့ကြကာ အတူတကွ ဂုဏ်ပြုသောက်ခဲ့ကြအပြီး ခုလို အဖမ်းခံခဲ့ရတာပါ။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ ဆာရာဘူရီခရိုင်ထဲမှာ ဖြစ်ခဲ့ပြီး သူတို့ဟာ အများပြည်သူကို အရက်သေစာသောက်စားဖို့ ဖိတ်ခေါ်ဆွဲဆောင်ခဲ့တယ်ဆိုတဲ့ ပြစ်မှုနဲ့ ဖမ်းခံခဲ့ရတာလို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၀၈ ခုနှစ် ဥပဒေအရ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ မူးယစ်သောက်စားတာတွေ၊ အရက်သေစာ သောက်စားဖို့ ဖိတ်ခေါ်ဆွဲဆောင်တာမျိုးတွေကို တားမြစ်ထားတာပါ။ ဖမ်းဆီးခံရတဲ့ မိန်းကလေး ၃ ဦးထဲမှ ၁ ဦးက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ “ဒါဟာ ဘီယာအရောင်းမြှင့်တင်ရေး လုပ်နေတာပါ။ တခွက်သောက်၊ တခွက်လက်ဆောင်ရပါတယ်။ ည ၉ နာရီမတိုင်ခင်ထိပဲနော်” လို့ ရေးခဲ့တာပါ။ ရဲတွေကတော့ သူတို့ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာလည်း အမြင်မတင့်တယ်တဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ဓာတ်ပုံတွေ တင်ခဲ့ကြတယ်လို့ ပြောပါတယ်။ သိပ်မကြာသေးခင်ကလည်း အစိုးရက နာမည်ကြီး အနုပညာရှင်တွေကို အများနဲ့ဆိုင်တဲ့ နေရာတွေမှာ အရက်သေစာ သောက်စားနေတဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ် မတင်ကြဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။
4 years Ago
Up