လူမြင်ကွင်း

February 17, 2019

လူမြင်ကွင်း မွေးနေ့ကျင်းပသည့် တာဂျစ်ကစ္စတန် ပေါ့ပ်စတား ဒဏ်ရိုက်ခံရ

ကမ္ဘာအရပ်က နိုင်ငံအသီးသီးစီတိုင်းမှာ ထူးခြားဆန်းပြားတဲ့ ဥပဒေကိုယ်စီရှိကြပါတယ်။ ဒီလိုပါပဲ တာဂျစ်ကစ္စတန်နိုင်ငံမှာလည်း သူများတွေထက်ပိုပြီး ထူးခြားဆန်းပြားတဲ့ ဥပဒေတခုရှိလို့ နေပါတယ်။ အဲဒါကတော့ အများနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ မွေးနေ့ပါတီတွေ ကျင်းပတာကို တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်တဲ့ ဥပဒေဖြစ်တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တာဂျစ်ပေါ့ပ်စတား ဖီရာဆာ ခါဖီဇိုဗာရဲ့ ဖြစ်ရပ်က ဒီဥပဒေကို ကမ္ဘာ့မီဒီယာတွေအလယ်မှာ ထပ်မံထင်ရှားစေခဲ့ပါတယ်။ ဖီရာဆာ ခါဖီဇိုဗာဟာမွေးနေ့ပါတီကို သူ့အိမ်အပြင်ဘက်မှာ အပေါင်းအသင်းတွေနဲ့ အတူ ကျင်းပခဲ့တာကို ဒေါ်လာ ၅၃၀ နဲ့ ညီမျှတဲ့ တာဂျစ်သုံးငွေ ၅၀၀၀ ဒဏ်ငွေချမှတ်ခံခဲ့ရတယ်။ တာဂျစ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းခြင်းဆိုင်ရာ သတ်မှတ်ချက်များအရ မွေးနေ့ပါ တီကို မိသားစုဝင်တွေနဲ့ သီးသန့်ကျင်းပခြင်းကလွဲလို့ တခြားနေရာတွေမှာ ပြုလုပ်တာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပြီး ချိုးဖောက်သူကို အရေးယူဖို့ သတ်မှတ်ထားပါတယ်။ တခြားနိုင်ငံသားတွေအတွက်တော့ ဒီဥပဒေဟာ အလွန့်အလွန်ကို ထူးဆန်းနေမှာ ဖြစ်ပေမယ့် တာဂျစ်ကစ္စတန်မှာ ဒါကိုလက်တွေ့ကျင့်သုံးနေပြီး လူမှုကွန်ရက်ပေါ်တက်လာတဲ့ ပုံတွေ၊ ဗွီဒီယိုတွေကို သက်သေအဖြစ်အသုံးပြုပြီး ပါတီကျင်းပသူအား အရေးယူနေတာပါ။ ခါဖီဇိုဗာရဲ့ ဖြစ်ရပ်မှာလည်း တာဝန်ရှိသူတွေက သူမကိုယ်တိုင် လူမှုကွန်ရက်ပေါ်တင်ထားတဲ့ ဗွီဒီယိုဖိုင်ကို သက်သေအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး ပြစ်မှုထင်ရှားတာကြောင့် ဒဏ်ငွေပေးဖို့ အမိန့်ချခဲ့တာပါ။ တာဂျစ်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းခြင်းဆိုင်ရာ သတ်မှတ်ချက်တွေကို ၂၀၀၇ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ စတင်ကျင့်သုံးခဲ့တာဖြစ်ကာ ဥပဒေ သတ်မှတ်ချက်တွေအရ မွေးနေ့ပွဲတွေတင်မဟုတ်ဘဲ၊ မင်္ဂလာဆောင်၊ နာရေးနဲ့ ကင်ပွန်းတပ်ပွဲတွေမှာပါ ကျွေးမွေးတဲ့ အစားအသောက်တွေနဲ့ အခမ်းနားတက်ရောက်သူ ဦးရေကို တင်းတင်းကြပ်ကြပ် သတ်မှတ်ထားပါတယ်။ တာဂျစ်အစိုးရက ဒီလိုသတ် မှတ်ရတာဟာ နိုင်ငံသားတွေကို အရေးမကြီးတဲ့ အခမ်းအနားတွေမှာ ငွေကြေးကုန်ကျမယ့်အစား တကယ်လိုအပ်တဲ့နေရာတွေမှာ ငွေကြေးအသုံးပြုနိင်ဖို့နဲ့ အကြွေးနွံနစ်ခြင်းကနေ ကာကွယ်နိုင်ဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ထားပေမယ့် တာဂျစ်ပြည်သူအများစုကတော့ အစိုးရရဲ့ ကန့်သတ်ချက်ကို အကြီးအကျယ်စိတ် ပျက်လျက်ရှိပါတယ်။ အနောက်အုပ်စုနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ဒီသတ်မှတ်ချက်တွေကို ဝေဖန်လျက်ရှိပါတယ်။ တာဂျစ်တရားရုံးချုပ်ရဲ့ ထုတ်ပြန်ချက်အရ ဒီသတ်မှတ်ချက်တွေကို ချိုးဖောက်လို့ ၂၀၁၈ ခုနှစ်တနှစ်တည်းမှာ အရေးယူခံရသူပေါင်း ၆၄၈ ဦးရှိတယ်လို့ သိရပြီး သူတို့တွေကို ဒေါ်လာ ၃၂၅၀၀၀ နဲ့ ညီမျှတဲ့ ဒဏ်ငွေတွေ ချမှတ်ခဲ့တယ်လို့လည်း OC သတင်းမှာဖော်ပြပါတယ်။
3 years Ago
Up