လူးဝစ္စ အင်းနရစ်

November 15, 2020

ပင်နယ်တီ ၂ လုံးအထိ လွဲခဲ့သည့် စံချိန်ရှင်ရာမို့စ်ကို စပိန်နည်းပြ ကာကွယ်ပြောဆို

မနေ့က ကစားခဲ့တဲ့ ဆွစ်ဇာလန်နဲ့ပွဲမှာ ပင်နယ်တီ ၂ လုံးလွဲခဲ့သူ စံချိန်ရှင် ဆာဂျီယိုရာမို့စ်ကို စပိန်နည်းပြ လူးဝစ္စ အင်းနရစ်က ကာကွယ်ပြောဆိုခဲ့ပါတယ်။  ဆွစ်ဇာလန်နဲ့ပွဲမှာ ရာမို့စ်ဟာ ဘူဖွန်ရဲ့စံချိန်ကိုဖြတ်ကျော်ပြီး ဥရောပဘောလုံးသမိုင်းမှာ နိုင်ငံအသင်းအတွက် ပွဲအများဆုံးကစားထားနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်း ခေါင်းဆောင်ရဲ့ ပင်နယ်တီကန်ချက် ၂ ခုကတော့ ဆွစ်ဇာလန်ဂိုးသမား ယန်ဆွမ်မာကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာပါ။ ရီမိုဖလူရာက ဆွစ်ဇာလန်အသင်းအတွက် ဦးဆောင်ဂိုးကို ၂၆ မိနစ်မှာသွင်းယူပေးခဲ့ပြီး စပိန်အသင်းအတွက် ဂျရတ်မော်ရီနိုက ၈၉ မိနစ်မှာ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။  ဒီပွဲမှာ ရာမို့စ်ဟာ ၂၃ မိနစ်အတွင်း ပင်နယ်တီ ၂ လုံးလွဲချော်ခဲ့တာဖြစ်ပြီး အဲ့ဒီမတိုင်ခင် ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပင်နယ်တီ ၂၅ လုံးဆက်တိုက် ဝင်အောင်ကန်နိုင်ခဲ့သူဖြစ်ပါတယ်။  ဒီစံချိန်ကောင်းတွေကြောင့် ရာမို့စ်ဟာ စပိန်အသင်းအတွက် ပင်နယ်တီ ကန်သွင်းသူအဖြစ်ကနေ ဖယ်ရှားခံရမှာ မဟုတ်ဘူးလို့ နည်းပြ အင်းနရစ်က ပြောပါတယ်။ “ရာမို့စ်ရဲ့ ပင်နယ်တီမှတ်တမ်းတွေက တကယ်ကိုကောင်းပါတယ်။ ဒါ့ကြောင့် တစ်လုံး၊ နှစ်လုံးလောက် လွဲတာနဲ့ သူ့ကို ပင်နယ်တီကန်သွင်းသူအဖြစ်ကနေ ဖယ်ရှားဖို့ဆိုတာ မတရားတာပါပဲ။ ကျနော်တို့အသင်းမှာ ပင်နယ်တီကန်နိုင်တဲ့သူမျ ားစွာရှိပါတယ်။ အဲဒီထဲမှာ ရာမို့စ်က ထိပ်ဆုံးမှာရှိနေပါတယ်။” ပင်နယ်တီလွဲခဲ့ပေမယ့် ရာမို့စ်ဟာ မွေးရာပါ အနိုင်ရရှိသူဖြစ်တယ်လို့လည်း ဂျာရတ်မော်ရီနိုက ပြောပါတယ်။  “ရာမို့စ်က မွေးရာပါ အောင်နိုင်သူပါ။ ဒီနေ့မှာ သူဟာ ပင်နယ်တီ ၂ လုံးလွဲခဲ့ပေမယ့် သူဟာ အနိုင်၊ အရှုံးများစွာကို ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံရင့် ကစားသမားလည်း ဖြစ်ပါတယ်။” စနေနေ့ သရေရလာဒ်ကြောင့် စပိန်အသင်းဟာ UEFA Nations League လိဂ် A ရဲ့အုပ်စု ၄ မှ ဂျာမနီ အသင်းရဲ့နောက် ၁ မှတ်အကွာနဲ့ အဆင့် ၂ နေရာကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
5 months Ago
Up