မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးစားရင်း အာတိတ် ဒေသက စစ်ရေးလေ့ကျင့်မှုအတွင်း သေဆုံးသွားရတဲ့ ရုရှားအရေးပေါ်ဝန်ကြီးဌာန ဝန်ကြီး ယက်ဗ်ဂန်နီ ဇီနီချက်ဗ် ကို ရုရှားသမ္မတဗလာဒီမာပူတင်က စက်တင်ဘာ ၁၀ ရက်မှာ ဂုဏ်ပြုခဲ့ပါတယ်။
အာတိတ်နဲ့ မြောက်ပိုင်းပင်လယ်လမ်းကြောင်းအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ အဲ့ဒီ ဒေသမှာ ခရီးသွားခဲ့တဲ့ ဒါရိုက်တာ အလက်ဇန်ဒါမဲလ်နစ်ဟာ ကျောက်တုံးအစိုပေါ် ချော်ပြီးလဲကျသွားလို့ ဝန်ကြီး ဇီနီချက်ဗ်က ကယ်တင်ဖို့ ကြိုးစားချိန်မှာ သေဆုံးခဲ့တာလို့ ရုရှားအရေးပေါ်ဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“ဝန်ကြီး ဇီနီချက်ဗ်က ရုပ်ရှင်ဒါရိုက်တာ အလက်ဇန်ဒါကို လှမ်းဖမ်းဆွဲဖို့ ကြိုးစားပြီး သူ့နောက်ကို ခုန်ချလိုက်တာ … ကံမကောင်းချင်တော့ သူတို့နှစ်ယောက်စလုံးဟာ မြင့်မားမတ်စောက်တဲ့ ကျောက်ကနေ တောင်ထူထပ်တဲ့မြစ်ထဲ ပြုတ်ကျပြီး သေဆုံးသွားတာ” လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်တဲ့ သက်သေတွေလည်း အများကြီးရှိပါတယ်လို့ ရုရှား RT ရုပ်သံလိုင်းရဲ့ အယ်ဒီတာချုပ် မာဂရီတာ ဆိုင်မွန်ယမ်က တွစ်တာမှာ သီးခြားမှတ်ချက် ပေးခဲ့ပါတယ်။
ဝန်ကြီး ဇီနီချက်ဗ်ဟာ ပြုတ်ကျသွားတဲ့သူအတွက် သူ့ဖာသာ ရေထဲကို ခုန်ချသွားပြီးတော့ အစွန်းထွက်နေတဲ့ ကျောက်တုံးနဲ့ တိုက်မိသွားတဲ့အခါ ဘာတွေဖြစ်သွားလဲဆိုတာကို ဘယ်သူ မှတောင် စဉ်းစားချိန် မရလိုက်ဘူးလို့လည်း ဆိုပါတယ်။
အသက် ၅၅ နှစ်အရွယ် ဝန်ကြီးဇီနီချက်ဗ် ဟာ ၂၀၁၈ ကစပြီး အရေးပေါ်အခြေအနေတွေ အတွက် ၀န်ကြီးဌာနကို ဦးဆောင်ခဲ့ပါတယ်။ RBC သတင်းဝက်ဘ်ဆိုက်အရ သူဟာ သမ္မတပူတင်ရဲ့ သက်တော်စောင့်နဲ့ ပုဂ္ဂိုလ်ရေးလက်ထောက်အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ဖက်ဒရယ်လုံခြုံရေးဌာနရဲ့ ဒုတိယအကြီးအကဲဖြစ်လာပြီး ကာလင်နင်ဂရဒ် မြို့တော်ရဲ့ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် ခေတ္တတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သမ္မတပူတင်ဟာ သူ့ရဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေ ပေးခဲ့တယ်လို့ ကရင်မလင်က ပြောကြားခဲ့ပါတယ်။