လူသေ ၇၁ လောင်း

August 29, 2015

သြစတီးယား - ဟန်ဂေရီနယ်စပ်အနီး လူသေ ၇၁ လောင်း စွန့်ပစ်၊ သံသယရှိသူများကိုစစ်ဆေး (ရုပ်သံ)

သြစတီးယား-ဟန်ဂေရီနယ်စပ်အဝေးပြေးလမ်းမတခုအနီး လူသေအလောင်း ၇၁ လောင်း ပါဝင်တဲ့ ကုန်တင်ကားတစီးကို သြဂုတ်လ ၂၇ ရက်နေ့က ရဲတွေကတွေ့ခဲ့ပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၈ ဦးနဲ့ ကလေး ၄ ဦးပါဝင် ပါတယ်။ ဟန်ဂေရီနိုင်ငံ လိုင်စင်နံပါတ်ပြားတပ်ဆင်ထားတဲ့ အဲဒီကားကို နှစ်နိုင်ငံနယ်စပ် သြစတီးယားနိုင်ငံ၊ ဗီယင်နာမြို့အရှေ့တောင်ဘက် ၁၇ ကီလိုမီတာအကွာမှာ ဒေသစံ တော်ချိန်မနက် ၆ နာရီလောက်မှာ လူမှုရေးလုပ်သားတွေက တွေ့ခဲ့ကြပြီး ရဲတွေကိုအ ကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ရဲတွေကတော့ သေဆုံးသူတွေအားလုံးဟာ ဒုက္ခသည်တွေဖြစ်တယ်လို့ပြောပြီး သူတို့ ဘယ်အချိန်မှာ သေဆုံးခဲ့တယ်ဆိုတာကိုတော့ မသိနိုင်သေးဘူးလို့ပြောပါတယ်။ ကားအတွင်းမှာ ဆီးရီးယားနိုင်ငံနဲ့ ဆက်သွယ်နေတယ်လို့ယူဆရတဲ့ စာရွက်စာ တမ်းတခုကို ရဲတွေကတွေ့ထားပါတယ်။ အဲဒီကုန်တင်ကားကို အဲဒီမတိုင်ခင်တရက်က ဒေသစံတော်ချိန် ညနေ ၃ နာရီ လောက်မှာ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့တောင်ဘက်မှာ ထောက်လှမ်းရေးကင်မရာတွေက တဆင့်တွေ့ခဲ့ရပြီး ၉ နာရီလောက်မှာတော့ နယ်စပ်မှာတွေ့ရတယ်လို့ ရဲတွေက ပြောပါတယ်။ အဲဒီကုန်တင်ကားနဲ့ပတ်သက်ပြီး သံသယရှိတယ်လို့ယူဆရတဲ့ လူ ၄ ဦးကို ဟန် ဂေရီနိုင်ငံ အမျိုးသားစုံစမ်းစစ်ထောက်လှမ်းရေးဌာနက စစ်ဆေးနေပြီး သူတို့တွေဟာ ဟန်ဂေရီနိုင်ငံသားတွေမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ အဲဒီထဲက ၃ ဦးဟာ ဘူလ်ဂေးရီးယားနိုင်ငံသားတွေဖြစ်ကြပြီး နောက်တဦးကတော့ အာဖဂန်နစ္စတန် နိုင်ငံသားဖြစ်တယ်လို့ အတည်ပြုပြောလိုက်ပါတယ်။ တခြားဆက်စပ်တဲ့ သံသယဖြစ်ဖွယ် လူ ၂၀ လောက်ကိုလည်း စစ်ဆေးနေတယ် လို့ ဟန်ဂေရီနိုင်ငံ ရဲအရာရှိတဦးက ပြောပါတယ်။ ဒီအမှုကိုဖော်ထုတ်နိုင်ဖို့ သြစတီးယား-ဟန်ဂေရီနှစ်နိုင်ငံရဲဌာနတွေက ပူးတွဲစစ် ဆေးမှု တွေလုပ်နေကြတာဖြစ်ပါတယ်။
6 years Ago
Up