လူသေအလောင်းကောင်များကြား

September 16, 2017

လူသေအလောင်းကောင်များကြားမှ သွေးပျက်စရာ တူရကီဖက်ရှင်သရုပ်ပြပွဲ (ရုပ်သံ)

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ကျင်းပခဲ့တဲ့ ဖက်ရှင်ရှိုးပွဲမှာ မော်ဒယ်တွေဟာ သွေးသံအလိမ်းလိမ်းနဲ့ လူသေအလောင်းကောင်တွေကြားက လျှောက်လမ်းတွေပေါ်မှတဆင့် သရုပ်ပြ တင်ဆက်ခဲ့ကြပါတယ်။ ဒီပွဲကို မာစီးဒီးစ်ဘင့်ဇ်ကုမ္ပဏီက စီစဉ်တင်ဆက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက် ညပိုင်းမှာ အစ္စတန်ဘူလ် ဖက်ရှင်ရက်သတ္တပတ်အဖြစ် ကျင်းပခဲ့တာပါ။ ဘက်ရှာ့ခ် (Bashaque) အမှတ်တံဆိပ် အမျိုးသမီးဝတ် ဖက်ရှင်ပြပွဲရဲ့ အခင်းအကျင်းဟာ သွေးချောင်းစီး၊ သွေးထွက်သံယို အဖြစ်အပျက်ကို နောက်ခံထား ဖော်ကျူးထားခဲ့တာဖြစ်ပြီး မော်ဒယ်လ်မိန်းကလေးတွေဟာလည်း လိုက်ဖက်တဲ့ အနီရောင်ဒီဇိုင်းတွေနဲ့ ပွဲထွက်ခဲ့ကြတာပါ။ ပွဲစီစဉ်သူ ဝတ်စုံဒီဇိုင်နာတဦးဖြစ်တဲ့ ဘချက်ရှ် ကျန်ကေးက သူ့ရဲ့ အနုပညာဖန်တီးမှုနဲ့  အမျိုးသမီးတွေကို စိတ်အားထက်သန် တက်ကြွစေလိုတာဖြစ်တယ်လို့ ဆိုပါတယ်။ သာမန်နဲ့မတူတဲ့ ဖက်ရှင်လျှောက်လမ်းပေါ်က အနီရောင်လွှမ်းတဲ့ ဝတ်စုံတွေနဲ့ မော်ဒယ်တွေရဲ့ သရုပ်ပြမှုဟာ ရာဇဝတ်ပြစ်မှုဆိုင်ရာ အခင်းအကျင်းတခုဆန်ဆန် ဖြစ်နေခဲ့ပါတယ်။ သရုပ်ပြမှုတွေထဲမှာ ထူးခြားဆန်းပြားတဲ့ တင်ဆက်မှုတွေကိုလည်း တွေ့ရမှာဖြစ်ပြီး တနေရာမှာတော့ မော်ဒယ်အမျိုးသမီးတဦးဟာ ကိုယ်လုံးတီးအခြေအနေမျိုး ဖန်တီးထားတဲ့ ဝတ်စုံကိုဝတ်ပြီး သရုပ်ပြခဲ့တာကို တွေ့ရမှာပါ။ သူဟာ လူသေအလောင်းပင်လယ်ကြီးထဲမှာ ကူကယ်ရာမဲ့ အခြေအနေနဲ့ ရှိနေပုံကို ဖော်ကျူးထားတဲ့ ဒီပြကွက်နဲ့ လျှောက်လမ်းပေါ်မှာ ရှိနေခဲ့တာပါ။ တခြားသရုပ်ပြမှုတခုမှာတော့ ဓားတလက်ကို ကိုင်ဆောင်ထားခဲ့တဲ့ အမျိုးသမီး မော်ဒယ်တဦးရဲ့ သွေးသံရဲရဲ အခြေအနေနဲ့ တင်ဆက်မှုကို တွေ့နိုင်ပါတယ်။ ဘချက်ရှ် ကျန်ကေးဟာ တူရကီအမျိုးသမီးတဦးဖြစ်ပြီး လန်ဒန်မြို့ စင်ထရယ် စိန့်မာတင်စ် ဒီဇိုင်းကျောင်းထွက်တဦးဖြစ်ပြီး လက်ရှိမှာတော့ လန်ဒန်ဒီဇိုင်နာ ဘိုရာအက်ခ်ဆုနဲ့လည်း အတူလက်တွဲ အလုပ်လုပ်နေပါတယ်။
4 years Ago
Up