လူလေးဦးကို ဖမ်းဆီး

March 22, 2017

တရုတ်တွင် ကျောက်ဖြစ်ရုပ်ကြွင်း ဒိုင်နိုဆောဥ ၈၀ ခိုးခဲ့သည့် လူလေးဦးကို ဖမ်းဆီး

တရုတ်နိုင်ငံ ဂျို့ဂျန်းခရိုင်မှာ ရှာရှာဖွေဖွေ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း ဥပေါင်း အလုံး ၈၀ ခိုးယူမှု ဖြစ်ပွားပြီးနောက် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဂျို့ဂျန်းခရိုင်ရှိ ကျောက်ဖြစ်ရုပ်ကြွင်း စုဆောင်းသူထံမှာ ဒီဒိုင်နိုဆောဥတွေ အခိုးခံရတာပါ။ သံသယရှိသူတဦးဖြစ်တဲ့ မျိုးရိုးအမည် ဝမ်ဆိုသူက စုဆောင်းသူထံ ၂ ကြိမ်လာရောက်ခဲ့ပြီး ဝယ်ယူဖို့ စိတ်ဝင်စားချင်ယောင် ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလထဲမှာ ဝမ်နဲ့ သူ့ရဲ့ကြံရာပါ သုံးဦးတို့ဟာ ငွေကြေးတပြားမှမပေးဘဲ ဒါဇင်နဲ့ချီတဲ့ ဒိုနိုဆောဥတွေကို ယူပြီး ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။ အဲဒီနောက် သူတို့ ၄ ဦးဟာ ခိုးရာပါ ဒိုင်နိုဆောဥ ရုပ်ကြွင်းတွေကို ဝေခြမ်းလိုက်ကြပြီး ဝမ်က ဥ ၂၇ လုံးကို ယူကာ ဟေးလူဂျန်ခရိုင်မှာရှိတဲ့ သူ့ရဲ့အိမ်ကို ပြန်ခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် ရဲတွေက သိရှိသွားပြီး ဝမ်ကိုယ်တိုင် လာရောက်ဝန်ခံဖို့ တိုက်တွန်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် နောက်ထပ် ၃ ဦးကိုလည်း ရဲက ရှာဖွေ ဖမ်းမိခဲ့ပြီး လက်ရှိအချိန်မှာ ခိုးယူသူ လေးဦးစလုံး အချုပ်ထဲမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာရဲ့ တခြားနေရာတွေထက်စာရင် ကျောက်ဖြစ်ရုပ်ကြွင်းတွေ အများကြီး တွေ့ရှိရလို့ ရုပ်ကြွင်းသူခိုးတွေလည်း အများကြီးရှိတယ်လို့ ဆိုပါတယ်။ ဂွမ်ဒေါင်းခရိုင်မှာ ၂၀၁၅ ခုနှစ်က အိမ်တအိမ်ကို ရှောင်တခင်စစ်ဆေးစဉ် ခိုးယူထားတဲ့ ဒိုင်နိုဆောဥ ရုပ်ကြွင်းပေါင်း ၂၁၃ ခု တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်ကြွင်းရှာဖွေတဲ့နေရာကနေ ခိုးယူသွားတဲ့ ဒိုင်နိုဆောရဲ့ အရိုးစုရုပ်ကြွင်းတခုကိုလည်း ရဲတွေက ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။
5 years Ago
Up