ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင်းက စစ်ကုန်းကျေးရွာအုပ်စုမှာ ငဝန်မြစ်ကမ်းပါး ပြိုကျလို့ လူနေအိမ်ခြေ ၆၂ လုံး ရွှေ့ပြောင်းနေကြရပါတယ်။
“ဟုတ်ပါတယ် အစ်ကို။ ကမ်းပါးကတော့ နှစ်စဉ်ပြိုကျနေတာပါ။ ဒါပေမယ့် ခုနှစ် ပိုပြီးပြိုကျတာ များတယ်၊ မြန်တယ်။ ဇူလိုင်လ ၅ ရက်နေ့တည်းက ပြိုကျလို့ ရွှေ့ပြောင်းနေကြတာပါ။ အခက်အခဲကတော့ စီးပွားရေး သိပ်အဆင်မပြေတော့ ဝိုင်းလုပ် ဝိုင်းကူ စနစ်နဲ့ ရွှေ့နေရပါတယ်။ မနေ့ကတော့ မြို့နယ်အဆင့်က လူတွေ လာရောက်ကြည့်ရှုတာ ရှိပါတယ်။ ထောက်ပံ့မှုတော့ မရသေးပါဘူး။ ဒီအတိုင်း ဆက်ပြိုမယ်ဆိုရင်တော့ စာသင်ကျောင်း ဘုန်ကြီးကျောင်း၊ အုပ်ချုပ်ရေးမှူးရုံ၊ ဆေးပေးခန်းတွေပါ ဆက်ရွှေ့ရမယ့်သဘော ဖြစ်နေပါပြီ။ ခုဆို ကမ်းနဲ့ ပေပေါင်း ၁၀၀ လောက်ပဲ ဝေးတော့တယ်” လို့ စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးပြည့်စုံက ဒီဗွီဘီကို ပြောပါတယ်။
အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်ကတော့ “ခု ဒါတွေအားလုံးကို ခရိုင်ထွေအုပ်နဲ့ ခရိုင်ကယ်ဆယ်ရေးကို တင်ပြထားပါတယ်” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်အတွင်းက ဧရာဝတီမြစ်ကမ်းပါး ပြိုကျတာတွေနဲ့ ငဝန်မြစ်ကမ်း ပြိုကျတာတွေ နှစ်စဉ် ဖြစ်ပေါ်နေတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။
သတင်း - သန်းထိုက်မြင့်၊ ဓာတ်ပုံ - ဦးညိုဝင်(ညောင်ကျိုး)
6 years Ago