လူထောင်ချီ ဆန္ဒပြ

March 17, 2018

ဘရာဇီး တက်ကြွလှုပ်ရှားသူ အမျိုးသမီး အသတ်ခံရမှု လူထောင်ချီ ဆန္ဒပြ

ဘရာဇီးနိုင်ငံမှာ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတဦး အသတ်ခံခဲ့ရတဲ့အတွက် ရီယိုဒီဂျနေးရိုးနဲ့ ဆော်ပေါ်လိုမြို့တွေမှာ မတ်လ ၁၆ ရက်နေ့က လူပေါင်းထောင်နဲ့ချီ ဆန္ဒပြနေကြပါတယ်။ အသက် ၃၈ နှစ်အရွယ်မှာ အသတ်ခံခဲ့ရတဲ့ မာရီလီဖရန်ကိုဟာ ဆင်းရဲသား ဒေသခံတွေကို ရဲတွေက သတ်ဖြတ်မှုအပေါ် လူသိရှင်ကြား ဝေဖန်သူဖြစ်ပြီး ရီယိုမြို့ ကောင်စီဝင်နဲ့ ဆိုရှယ်လစ်ဝါဒနဲ့ လွတ်မြောက်ရေးပါတီ PSOL ရဲ့ အထင်ကရ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ သူမဟာ ရီယိုမြို့မြောက်ပိုင်း အန္တရာယ်များတဲ့နေရာတခုမှာ မတ်လ ၁၅ ရက် ည ၉ နာရီခွဲအချိန်က ယာဉ်မောင်းဖြစ်သူနဲ့အတူ ပစ်ခတ်ခံခဲ့ရပြီး သူမရဲ့ အတွင်းရေးမှူး တဦးကတော့ ပစ်ခတ်မှုကနေ လွတ်မြောက်ခဲ့ပါတယ်။ ရီယိုမြို့ရဲ့ လုံခြုံရေးလုပ်ငန်းစဉ်ကို စစ်တပ်က အခုနှစ်ကုန်အထိ တာဝန်ယူဖို့ ဗဟိုအစိုးရဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကမှ အမိန့်ထုတ်ပြန်ခဲ့တာပါ။ ဒီလုပ်ရပ်ဟာ ဒေသခံတွေကို ရဲတွေက အကြမ်းဖက်မှု ပိုဆိုးလာစေနိုင်တယ်လို့ ဖရန်ကိုက ဝေဖန်ထားခဲ့ပါတယ်။ ဖရန်ကို အသတ်ခံရမှုကို ပွင့်လင်းမြင်သာမှုရှိစွာ အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ ဘရာဇီးအခြေစိုက် ကုလသမဂ္ဂရုံးနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့တို့က တောင်းဆိုထားတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

March 11, 2018

ဆီနီဂေါနိုင်ငံသား လမ်းဘေးဈေးသည်ကို ပစ်သတ်ခဲ့မှု အီတလီတွင် လူထောင်ချီ ဆန္ဒပြ

အီတလီ အမျိုးသားတယောက်က ဆီနီဂေါနိုင်ငံသား သားရေအိတ်ရောင်းတဲ့ လမ်းဘေး ဈေးသည်တယောက်ကို အသေပစ်သတ်ခဲ့တဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ အီတလီနိုင်ငံ ဖလောရင့်မြို့လယ်လမ်းတွေပေါ်မှာ မတ် ၁၀ ရက်နေ့က ထောင်နဲ့ချီတဲ့လူတွေ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူတွေက “လူမျိုးရေးခွဲခြားမှု အားလုံး ရပ်တန့်ပါ၊ လေးစားချင်တယ်၊ ဒါပေမယ့် လေးစားခံ ချင်တယ်” စတဲ့ စာသားတွေကို ရေးထားတဲ့ လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင် ခဲ့ကြပါတယ်။ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ လွှတ်တော်အမတ် ရွေးကောက်ပွဲအတွင်း ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး အသင်းချုပ်က နိုင်ငံရေးသမားတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို ရာဇဝတ်သားတွေအဖြစ် မကြာခဏ ပုံဖော်ခဲ့ပြီး အစုလိုက် မူရင်းနိုင်ငံ ပြန်ပို့ဖို့ ဆော်သြခဲ့အပြီး နောက်နေ့မှာ ခုလိုပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ အဖမ်းခံခဲ့တဲ့ လူသတ်သမားဟာ စုံစမ်းစစ်ဆေးသူတွေဆီမှာ အစစ်ခံပြီးတဲ့အခါ သူဟာ လူမျိုးရေး မုန်းတီးလို့ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း မတ် ၅ ရက်နေ့မှာ ရဲတွေက ဆိုပါတယ်။ သူဟာ အားကစားအတွက် လက်နက် ကိုင်ဆောင်ခွင့် လိုင်စင်ရှိနေပြီး စိတ်ခံစားမှု ရှုပ်ထွေးနေချိန်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်ချိန်မှာ စိတ်လွတ်သွားတာလို့ စုံစမ်း စစ်ဆေးသူတွေက ပြောခဲ့ပါတယ်။
4 years Ago
Up