လူဦးရေ ၃ သိန်းကျော်သာရှိသည့် အိုက်စ်လန် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်

October 10, 2017

လူဦးရေ ၃ သိန်းကျော်သာရှိသည့် အိုက်စ်လန် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင် (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စု အိုင် နောက်ဆုံးပွဲစဉ်အဖြစ် အိုက်စ်လန်နဲ့ ကိုဆိုဗိုတို့ မနေ့ညက ယှဉ်ပြိုင်ရာ အိုက်စ်လန်က ၂ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ၂၀၁၈ ရုရှားမှာကျင်းပမယ့် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ခွင့်ရရှိသွားပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အုပ်စုပထမနေရာကနေ အောင်မြင်ပြီး တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့တဲ့ အိုက်စ်လန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရ နိုင်ငံတွေထဲမှာ အသေးငယ်ဆုံးနိုင်ငံတနိုင်ငံ ဖြစ်လာပြီး လူဦးရေလည်း ၃ သိန်း ၃ သောင်းကျော်သာ ရှိတာပါ။ အိုက်စ်လန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဥရောပထိပ်သီး အင်္ဂလန်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ မနေ့က အိမ်ကွင်းမှာယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာလည်း အိုက်စ်လန်အသင်းဟာ တိုက်စစ်မှူး ဆီဂတ်ဆန်ရဲ့ ပွဲချိန် မိနစ် ၄၀ မှာ သွင်းတဲ့ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ နှစ်ဘက်ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိခဲ့ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အိုက်စ်လန်က အသာရခဲ့ပါတယ်။ အိုက်စ်လန်အတွက် ဒုတိယအနိုင်ဂိုးကိုတော့ ပွဲချိန် ၆၈ မိနစ်မှာ ဂတ်မွန်ဆန်က သွင်းယူပေးခဲ့ပါတယ်။ အိုက်စ်လန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု အိုင်မှာ စုစုပေါင်း ၁၀ ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ၇ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၂ မှတ်နဲ့ အုပ်စု ပထမနေရာကနေ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up