လူသောင်းချီ

November 3, 2019

အီရတ်ဆိပ်ကမ်းမြို့ အမ်ကာဆူတွင် လူသောင်းချီ လမ်းများပိတ် ဆန္ဒပြ

သွင်းကုန်စားနပ်ရိက္ခာတွေအပေါ်  မှီခိုရတဲ့ အီရတ်နိုင်ငံရဲ့ အဓိကပင်လယ်ကွေ့ဆိပ်ကမ်းမြို့ ဖြစ်တဲ့ အမ်ကာဆူမှာ နိုဝင်ဘာ ၂ ရက်က လမ်းတွေအားလုံးပိတ်ပြီး လူသောင်းချီ ဆန္ဒပြနေကြပါ တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ကို မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ကျည်အစစ်တွေသုံးပြီး ညလုံးပေါက် ထိန်းချုပ်ဟန့်တားခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး ဆန္ဒပြသူတွေက ဆိပ်ကမ်းဝင်ပေါက်ကို ပိတ်ဆို့ခဲ့တာကြောင့် ဆိပ်ကမ်းလုပ်ငန်းအားလုံး ရပ်သွားခဲ့တာပါ။  ဒီဆိပ်ကမ်းဟာ အီရတ်နိုင်ငံအတွင်း ကောက်ပဲသီးနှံ၊ ဟင်းရွက်ဆီနဲ့ သကြားတို့လို တင်သွင်းကုန်တွေကို လက်ခံရာ ဆိပ်ကမ်းဖြစ်ပါတယ်။ “တာရီအာရင်ပြင်က ဆန္ဒပြသူတွေနဲ့ ကျနော်တို့ တောင်းဆိုချက် အားလုံးတူတူပဲ၊ တာရီအာ ရင်ပြင်က ဆန္ဒပြသူတွေ ရုပ်သိမ်းမှ ဒီဒေသခံတွေလည်း ဆန္ဒပြပွဲကို အဆုံးသတ်ပြီး ဆိပ်ကမ်းကို ပြန်ဖွင့်ပေးမယ်” လို့ ဆန္ဒပြသူ တယောက်က ပြောပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် လူစုခွဲဖို့ ကြိုးစာတာကြောင့် နိုဝင်ဘာ ၂ ရက်နေ့မှာ ဆန္ဒပြသူတွေဟာ ကားတာယာတွေကို မီးရှို့ပြီး ကွန်ကရစ်အရံအတားတွေကို ချထားခဲ့ပါတယ်။  ခုဖြစ်ပွားခဲ့တဲ့ ရုန့်ရင်းဆန်ခတ်မှုအတွင်း လူအယောက် ၃၀ ထက်မနည်း ဒဏ်ရာရတယ်လို့ လုံခြုံရေးနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
2 years Ago
Up