လူသေအလောင်း ၆၄ လောင်း

March 25, 2020

မိုဇမ်ဘစ်နိုင်ငံတွင် သင်္ဘောကုန်သေတ္တာထဲက လူသေအလောင်း ၆၄ လောင်း တွေ့ရှိ

မိုဇမ်ဘစ်နိုင်ငံ၊ တေတေမြို့က စစ်ဆေးရေးစခန်းတခုမှာ ပိတ်ထားတဲ့ သင်္ဘောကုန်သေတ္တာ တလုံးကို မတ် ၂၄ ရက်က စစ်ဆေးရာမှာ  ရွှေ့ပြောင်းနေထိုင်သူ အမျိုးသား ၆၄ ယောက်ရဲ့ အလောင်းတွေကို တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ အဖွဲ့  (IOM) က ပြောပါတယ်။ သေဆုံးသူတွေဟာ တောင်အာဖရိကကို သွားမယ့် အီသီယိုးပီးယား နိုင်ငံသားတွေ ဖြစ်တယ်လို့ ရှင်သန်ကျန်ရစ်သူတွေက ဒေသန္တရအာဏာပိုင်တွေကို ပြောပါတယ်။ ကားပေါ်ပါသူ ယောက်ျားအားလုံး ဘာမှတ်ပုံတင် သက်သေခံ အထောက်အထားမှ မပါကြပါဘူး။ ရှင်သန်ကျန်ရစ်သူတွေကို (IOM) က အကူအညီတွေ စီစဉ်ပေးနေပါတယ်။ ကုန်ကားမောင်းသူနဲ့ လက်ထောက်ယာဉ်မောင်းတို့က မိုဇမ်ဘစ်နိုင်ငံသားတွေ ဖြစ်ပြီး သူတို့ကို ဖမ်းထားပြီလို့ ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန ပြောခွင့်ရက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ “ဒီလူတွေကို သယ်ပို့ပေးရင် အမေရိကန်ဒေါ်လာ ငါးရာ ပေးမယ်လို့ ကတိပေးခံရတယ်” လို့ ယာဉ်မောင်းက ရဲကို ဖြောင့်ချက်ပေးပါတယ်။ အီသီယိုပီးယားနိုင်ငံသားတွေ မိုဇမ်ဘစ်နိုင်ငံထဲ တရားမဝင် ဝင်နိုင်ဖို့ စီစဉ်ပေးတဲ့ ကြားခံလူကို ရဲတွေက လိုက်ရှာနေပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ ၄ သန်းကျော်နဲ့ ခိုလှုံခွင့် တောင်းခံသူတွေ ဒုက္ခသည် ၃ သိန်းနီးပါး ရှိတယ်လို့ ကုလသမဂ္ဂရဲ့ နောက်ဆုံးရ ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။
2 years Ago
Up