လူသားဖြင့်ပြုလုပ်သည့် တရုတ်စည်သွပ်ဗူး အာဖရိကတွင် ပျံ့နှံ့သည့်သတင်း တရုတ်ငြင်းဆို

May 23, 2016

လူသားဖြင့်ပြုလုပ်သည့် တရုတ်စည်သွပ်ဗူး အာဖရိကတွင် ပျံ့နှံ့သည့်သတင်း တရုတ်ငြင်းဆို

အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဇမ်ဘီယာနိုင်ငံထဲမှာ တရုတ်နိုင်ငံမှ တင်သွင်းတဲ့ လူသားတွေပါဝင်နေတဲ့ အမဲသားစည်သွပ်ဗူးတွေ ရောင်းချနေတယ်ဆိုတဲ့ သတင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။ ဒီကောလဟာလဟာ တရုတ်နိုင်ငံမှာ နေထိုင်တယ်လို့ဆိုတဲ့ အမည်မဖော်ပြထားတဲ့ အမျိုးသမီးတယောက်ရဲ့ မဟုတ်မမှန်သတင်းဖြန့်မှုကို ဇမ်ဘီယာနိုင်ငံသတင်းစာတစောင်က ကိုးကားဖော်ပြလိုက်တာသာဖြစ်တယ်လို့ တရုတ်နိုင်ငံအစိုးရသတင်းစာ ဆင် သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါအမျိုးသမီးက လုပ်ငန်း(စည်သွပ်ဗူးထုတ်လုပ်ရေး)တွေဟာ လူသေအလောင်း တွေကို လိုက်လံစုဆောင်းပြီး ထိန်းသိမ်းပြုပြင်ကာ စည်သွပ်ဗူးထဲမှာ ထည့်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ ဟောင်လီက “ခုလိုဖော်ပြ လိုက်တာဟာ တာဝန်မဲ့မှုတခုပဲ”လို့ ပြောပါတယ်။ ဇမ်ဘီယာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် ယမ်ယူမင်းကတော့ ဒါဟာ နှစ်ကာ လကြာရှည် ခိုင်မြဲခဲ့ကြတဲ့ ၂ နိုင်ငံကြား ဆက်ဆံရေးကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ “အာဖရိက ဒေသတွင်းလူပြိန်းကြိုက်သတင်းစာတစောင်ပေါ်က ကောလဟာလ ဟာ ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားခဲ့တာပါ။ တရုတ်နိုင်ငံဟာ လူသားတွေပါတဲ့ စည်သွပ်ဗူးတွေကို အာဖရိကကို တင်ပို့ပြီး ရောင်းနေတယ်ဆိုပြီး ဖော်ပြခဲ့ကြတာပါ။” သတင်းပုံတွေအဖြစ်ဖော်ပြခဲ့ကြတာတွေကလည်း ၂၀၁၂ ခုနှစ်တုန်းက ခေတ်စား ခဲ့တဲ့ Resident Evil 6 ရဲ့ ကြော်ငြာစတန့်အတွက်အသုံးပြုခဲ့တဲ့ ဓာတ်ပုံတွေဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော်တို့ ဒီကိစ္စအပေါ်တော်တော်ဒေါသထွက်မိပါတယ်။ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ ပါတယ်”လို့ သူက ပြောပါတယ်။ ဒါဟာ သားငါးဈေးသည်တဦး လန်ဒန်မြို့၊ စမစ်ဖီးလ်ဒ် ဈေးထဲမှာ လူသားတွေကို ရောင်းချနေတယ်ဆိုတဲ့သတင်းဓာတ်ပုံ အင်တာနက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် နောက်မှာ ခုသီတင်းပတ်အတွင်း ဇမ်ဘီယာနိုင်ငံမှာ ခုလိုသတင်းထွက်လာခဲ့တာလို့ ဆိုပါတယ်။ ဇမ်ဘီယာနိုင်ငံ ကာကွယ်ရေးဝန်ကြီး ခရစ္စတိုဖာ မူလန်ဂါက ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ များစွာစိတ်မကောင်းဖြစ်ရပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဇမ်ဘီယာနိုင်ငံမှာ တရုတ်နိုင်ငံသားပေါင်းများစွာဟာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် အုပ်စုဖွဲ့နေထိုင်ကြကာ လက်လီအရောင်းဆိုင်တွေနဲ့ ဆောက်လုပ်ရေးဆိုင်ရာ စက်မှုလုပ်ငန်း တွေမှာ အောင်မြင်နေကြတာဖြစ်ပြီး ဇမ်ဘီယာနိုင်ငံရဲ့ အဓိကသွင်းကုန် မိတ်ဖက်နိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။
6 years Ago
Up