လူသားချင်းစာနာမှုအကူအညီ

May 17, 2019

တရုတ်က ပေးပို့သည့် လူသားချင်းစာနာမှု အကူအညီများ ဗင်နီဇွဲလားသို့ ရောက်ရှိ

တရုတ်နိုင်ငံက ပေးပို့လိုက်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေဟာ မေလ ၁၆ ရက်နေ့က ဗင်နီဇွဲလားလေဆိပ်ကို ရောက်လာပါတယ်။ ဒါဟာ စီးပွားရေး အကျပ်အတည်း ရင်ဆိုင်နေရပြီး နိုင်ငံတွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ ပြတ်လတ်နေတဲ့ ဗင်နီဇွဲလားကို မဟာမိတ် တရုတ်နိုင်ငံက တတိယမြောက် အကူအညီ ပေးပို့လိုက်တာပါ။ တရုတ်နိုင်ငံက ပေးပို့လိုက်တဲ့ အကူအညီတွေထဲမှာ ခွဲစိတ်ခန်းသုံး ပစ္စည်းတွေ အပါအဝင် အလေးချိန် ၆၄ တန်ရှိတဲ့ ဆေးဝါးပစ္စည်းတွေ ပါတယ်လို့ ဗင်နီဇွဲလား ကျန်းမာရေးဝန်ကြီး ကားလို့စ် အယ်ဗာရာဒိုက ပြောပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခံမှုတွေကြောင့် ရေနံကြွယ်ဝချမ်းသာတဲ့ ဗင်နီဇွဲလားနိုင်ငံတွင်း ဆေးဝါးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ ပြတ်လတ်မှု ပြဿနာတွေ ရင်ဆိုင်နေရတာလို့ ဗင်နီဇွဲလား သမ္မတ နီကိုးစ်လပ်စ် မာဒူရိုက ပြောပါတယ်။ ဒါပေမယ့် ဟွမ်ဂွယ်ဒို ဦးဆောင်တဲ့ အတိုက်အခံ အဖွဲ့ကတော့ မာဒူရို ဦးဆောင်တဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့်လို့ အပြစ်တင်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလက အမေရိကန်ရဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို အတိုက်အခံအဖွဲ့က ဦးဆောင်ပြီး ဗင်နီဇွဲလားနိုင်ငံတွင်းကို သွင်းဖို့ ကြိုးစားခဲ့ပေမယ့် သမ္မတ မာဒူရို အစိုးရက နယ်စပ်မှာ စစ်သားတွေ တပ်ချထားပြီး တားမြစ်ခဲ့ပါတယ်။
2 years Ago
Up