လူသန်ကြီးတွေဆီမှာ အဖြေမရှိပါ

December 29, 2020

လူသန်ကြီးတွေဆီမှာ အဖြေမရှိပါ

ဒီမိုကရေစီကို မလေးစားတဲ့ လူသန်တွေ strong men တွေနဲ့ ဒီမိုကရေစီနိုင်ငံကို သွားဖို့ဆိုတာ အတော် ရူးနှမ်းတဲ့ကိစ္စပါ။ လူသန်တွေဟာ ပြဿနာရဲ့ အဖြေထက် ပြဿနာရဲ့ အစိတ်အပိုင်းဖြစ်ဖို့ ပိုများပါတယ်။ ဇာတ်လမ်းနှစ်ပုဒ် အာရတ်နွေဦးမှာ အီဂျစ်မှာ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့တယ်။ မွတ်ဟာမက်မော်စီဆိုတဲ့ နိုင်ငံရေးနဲ့ ဘာသာရေး မသဲကွဲတဲ့ ပေါ်ပြူလစ် နိုင်ငံရေးသမားဟာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အခါ နိုင်ငံရေးကို ဘာသာရေးဇာတ်သွင်းတယ်။ အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့ လူငယ်တွေရဲ့ တော်လှန်ရေးကို မောင်ပိုင်စီးခဲ့တာပါ။ လစ်ဘရယ်တွေနဲ့ ဘာသာရေးအစွန်းရောက်တွေ ကွဲကုန်တယ်။ ကြားထဲက ဗိုလ်ချုပ်စီစီက အာဏာသိမ်းတဲ့အခါ ဒီမိုကရေစီနိုင်ငံတွေက မသိချင်ယောင် ဆောင်ပေးခဲ့ကြတယ်။ အီဂျစ်ဟာ ပေါ်လတီကယ်အစ္စလာမ် လူသန်ဆီကနေ စစ်ဗိုလ်ချုပ် လူသန်ကြီး လက်ထဲရောက်သွားတယ်။ စစ်တပ်က စိတ်ကြိုက်ရွေးကောက်ပွဲလုပ်ပြီး ဗိုလ်ချုပ်စီစီဟာ မစ္စတာစီစီ လုပ်ပြီး သမ္မတ တက်လုပ်တယ်။ အီဂျစ် ဒီမိုကရေစီ လမ်းဆုံးသွားတယ်။ အလားတူ နောက်ဇာတ်လမ်းတစ်ပုဒ်က စစ်တပ်အာဏာသိမ်းတဲ့ သမိုင်း ရှည်လျားတဲ့ ထိုင်းမှာဖြစ်ခဲ့တယ်။ ထိုင်းနိုင်ငံမှာ မစ္စတာသက်ဆင်က ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ အနိုင်ရပြီး စီးပွားရေးအတွက် တရားဥပဒေစိုးမိုးရေး၊ မီဒီယာလွတ်လပ်ခွင့်လို လစ်ဘရယ် အင်စတီကျူးရှင်းတွေကို ဖျက်ဆီးတဲ့အခါ စစ်တပ်အာဏာသိမ်းတာခံရတယ်။ ပေါ်ပြူလစ်နိုင်ငံရေးသမား သက်ဆင်ကြောင့် တောနဲ့ မြို့၊ တောင်ပိုင်းသားနဲ့ မြောက်ပိုင်းသား သွေးကွဲတယ်။ စစ်တပ်က အာဏာသိမ်းတယ်။ နောက်ထပ်လုပ်သမျှ ရွေးကောက်ပွဲတိုင်း သက်ဆင်လူတွေ (တပည့်၊ ယောက်ဖ၊ ညီမ) နိုင်တော့ စစ်တပ်က အာဏာသိမ်းတယ်။ နောက်ဆုံး စစ်တပ်က ဒီမိုကရေစီမဆန်တဲ့ ဖွဲ့စည်းပုံရေးပြီး ရိုးသားလှချည်ဆိုတဲ့ ဗိုလ်ချုပ် ပရာယွတ်က မစ္စတာ ပရာယွတ်လုပ်ပြီး ဝန်ကြီးချုပ်တက်လုပ်တယ်။ ထိုင်း ဒီမိုကရေစီ ကသောင်းကနင်း ဖြစ်နေတယ်။ ဒီဇာတ်လမ်းနှစ်ပုဒ်မှာ လူသန်ကြီးလေးယောက်ပါဝင်တယ်။ ဘယ်တစ်ယောက်မှ ဒီမိုကရေစီနဲ့ သဟဇာတ မဖြစ်ကြပါဘူး။ ဒီမိုကရေစီကိုဖျက်ဆီးတဲ့ နေရာမှာ အတူတူပါပဲ။ မြန်မာပြည်မှာ ဖဆပလခေတ် ဒီမိုကရေစီမှာ အထက်က ဇာတ်လမ်းမျိုး ကြုံဖူးပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်နေဝင်း၊ နောက် ဦးနေဝင်းအောက်မှာ ဒီမိုကရေစီ လမ်းစပျောက်ခဲ့ရပါတယ်။ ၂၆ နှစ်ကြာပါတယ်။ နောက် နဝတ နအဖ နှစ် ၂၀ ကျော် ကြာပါတယ်။ စစ်တပ်ဦးဆောင်ရေးတဲ့ ဖွဲ့စည်းပုံကြောင့် အခုထိ ဒီမိုကရေစီ ရှေ့ဆက်ဖို့ ခက်နေတုန်း။ ဒီမိုကရေစီ ပြဿနာတွေကို ဒီမိုကရေစီဘောင်ထဲက ဖြေရှင်းကြရပါတယ်။ ဖြေရှင်းနိုင်စွမ်းလည်း ရှိရပါမယ်။ လူသန်ကြီးတွေဆီမှာ အဖြေမရှိပါဘူး။ ဒီမိုကရေစီ ပြဿနာကို ဖြေရှင်းဖို့ စစ်တပ်ကို လက်ယပ်ခေါ်တာ ရူးနှမ်းတာလို့ပဲ ပြောပါရစေ။ စစ်တပ်နဲ့ ဒီမိုကရေစီ အီဂျစ်စစ်တပ်နဲ့ ထိုင်းစစ်တပ်က အာဏာသိမ်းတဲ့ အကြောင်းပြချက်က ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရက အာဏာရှင်ဆန်လာလို့ တိုင်းပြည်မှာ သွေးထွက်သံယိုတာတွေ ပိုဆိုးမသွားအောင် ဝင်ထိန်းရတာလို့ ဆိုပါတယ်။ ဒါကို ပြည်သူတချို့က ထောက်ခံကြသလို ဒီမိုကရေစီနိုင်ငံတွေ (အထူးသဖြင့် အမေရိကန်နဲ့ ဥရောပ) ကလည်း မသိသလိုနေကြတယ်။ ဒါပေမဲ့ နိုင်ငံရေးထဲကို စစ်တပ်ဝင်လာပြီး စိတ်ကြိုက် ဖွဲ့စည်းပုံရေးဆွဲ၊ အာဏာသိမ်းခေါင်းဆောင်က ရွေးကောက်ပွဲဝင်၊ အာဏာကို ဆက်ကိုင်ထားတဲ့ အကျိုးရလဒ်ကတော့ တိုင်းပြည်မှာ နိုင်ငံရေးရှုပ်ထွေးမှုတွေ ဖြစ်စေတာပဲ အဖတ်တင်ပါတယ်။ ဒီမိုကရေစီကသောင်းကနင်းဖြစ်လို့ စစ်တပ်က အာဏာသိမ်းရိုးမှန်ရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို အချိန်တိုအတွင်း ကျင်းပပေး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရလက်ထဲကို အာဏာလွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ စစ်တပ်ဟာ စစ်တပ်နဲ့ မဆိုင်တဲ့ တိုင်းပြည်အုပ်ချုပ်ရေး ကိစ္စတွေမှာဝင်မစွက်ရပါဘူး။ စစ်တပ်နဲ့ ဆိုင်တဲ့ တိုင်းပြည်ကာကွယ်ရေး (ပြည်ပရန် ကာကွယ်ရေး) ကိစ္စတွေကို လုပ်ဖို့ စစ်တန်းလျားကို အေးအေးဆေးဆေးပြန်သွားရမှာပါပဲ။ မြန်မာစစ်တပ် မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းတဲ့ သမိုင်းကို ကြည့်ရင် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကို ကြည့်ကြည့်၊ ၁၉၈၈ အာဏာသိမ်းမှုကို ကြည့်ကြည့် ဒီမိုကရေစီအတွက် အာဏာရသိမ်းတဲ့ လက္ခဏာမရှိပါဘူး။ ဆန့်ကျင်ဘက်ကိုပဲ တွေ့နိုင်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရတဲ့ အစိုးရလက်ထဲကနေ အာဏာကို သိမ်းယူခဲ့တယ်။ ၁၉၈၈ မှာ ဒီမိုကရေစီတောင်းဆိုတဲ့ လူထုဘက်က မလိုက်ဘဲ အာဏာရှင်ဘက်မှာ ရပ်တည်ခဲ့တယ်။ ၁၉၉၀ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထုက မဲပေးရွေးချယ်တဲ့ အနိုင်ရတဲ့ ပါတီကို အာဏာမလွဲခဲ့ဘူး။ အချိန်ဆွဲလာရင်း ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့တယ်။ ဒီတကြိမ်မှာလည်း တပ်မတော်အစိုးရက ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ပြီး၊ ဒီမိုကရေစီ ခရီးမှာ အနှောင့်အယှက်တွေ ဖြစ်နေတာ အခုထိပါပဲ။ လူသန်မလို၊ အင်စတီကျူးရှင်းလို ဒီမိုကရေစီတည်ဆောက်ရေးမှာ လူသန်ကြီးတွေ မလို၊ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ သန်စွမ်းဖို့သာလိုပါတယ်။ အများလက်ခံနိုင်၊ တရားနည်းလမ်းကျ၊ တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အင်စတီကျူးရှင်းတွေ ကျန်းမာသန်စွမ်းမှ ဒီမိုကရေစီ ရှင်သန်နိုင်ပါလိမ့်မယ်။ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်မှုမျိုးထက် မှန်ကန်တဲ့ ခေါင်းဆောင်မှုကသာ အခရာကျပါတယ်။ ဒီမိုကရေစီစနစ်မှာ အပြန်အလှန်ထိန်းညှိမှု (Check and Balance) ၊ အာဏာခွဲခြားကျင့်သုံးမှု (Separation of Powers) လိုအပ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်တို့ အပြင် တခြားမဏ္ဍိုင်တွေရဲ့ ကဏ္ဍလည်း လိုအပ်ပါတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေ ရှင်သန်အားကောင်းမှ၊ မီဒီယာများ လွတ်လပ် အားကောင်းမှ ဒီမိုကရေစီ ရှင်သန်နိုင်ပါတယ်။ အခြေအနေကို ဓမ္မဓိဋ္ဌာန် ကျကျ နားလည်တဲ့ မှန်ကန်တဲ့ ခေါင်းဆောင်မှု လိုအပ်တယ်။ သွေးနထင် မရောက်ဘဲ နှိမ့်ချတတ်တဲ့ခေါင်းဆောင်၊ ငါ့စကားနွားရ မဟုတ်ဘဲ စေ့စပ်ညှိနှိုင်း စွမ်းရည်ရှိတဲ့ခေါင်းဆောင်၊ အာဏာကို မောင်ပိုင်မစီးဘဲ ခွဲဝေသုံးစွဲရကောင်းမှန်း သိတတ်နားလည်တဲ့ ခေါင်းဆောင်တွေ လိုအပ်ပါတယ်။ လူသန်ကြီးတွေဆီမှာ ဒီအရည်အချင်းမျိုး ရှိလိမ့်နေမယ်လို့ ထင်နေရင် စိတ်ကူးယဉ်မှုပဲ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီ ဆိုတာ လူသန်ကြီးတွေနဲ့ မအပ်စပ်တဲ့အရာပါ။ အတိတ်နဲ့ လက်ရှိ အခြေအနေကို ကြည့်ရင် လူသန်မှန်သမျှ ဒီမိုကရေစီကို ဖျက်စီးမယ်လို့ လူတွေချည်းဆိုတာ ထိုင်း၊ အီဂျစ်၊ မြန်မာနဲ့ ဒီမိုကရေစီ ဒယိမ်းဒယိုင် ဖြစ်နေတဲ့ နိုင်ငံတွေက သက်သေပြပြီးဖြစ်ပါတယ်။ နေသွင်ညိဏ်း 29/Dec/2020
10 months Ago
Up