ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မျိုးနွယ်စုလက်နက်ကိုင်အဖွဲ့ရဲ့ လူသတ်၊ အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက် အကြမ်းဖက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တဲ့သဘော သက်ရောက်ပြီး ဂျီနိုဆိုက် ဖြစ်နိုင်လောက်တယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
၂၀၁၇ ဒီဇင်ဘာကနေ ၂၀၁၉ စက်တင်ဘာအထိ ဂျူဂူနဲ့ မဟာဂီနယ်မြေတွေက ဟေမာနဲ့ လန်ဒူ အသိုက်အဝန်း နှစ်ခုအကြား အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၇၀၁ ယောက် ထက်မနည်း သေဆုံးကာ ၁၆၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။
လန်ဒူလက်နက်ကိုင်အဖွဲ့တွေက ဟေမာတိရစ္ဆာန်တွေ ကျောင်းတဲ့သူတွေကို စနစ်တကျ တိုက်ခိုက်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ပြီး လန်ဒူတွေရဲ့ ဘိုဘေးပိုင် မြေတွေကနေ ဟေမာ မျိုးနွယ်စုတွေကို ဖယ်ရှားဖို့ ကြိုးပမ်းခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ပဋိပက္ခတွေကြောင့် လူပေါင်း ၅၇၀၀၀ နီးပါး ယူဂန္ဓာနိုင်ငံကို ထွက်ပြေးခဲ့ရပြီး လူ ၅ သိန်းလောက်ဟာလည်း နိုင်ငံတွင်း နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
1 year Ago