လူသတ်မှု

March 20, 2023

ထိုင်းတွင် သတ်ဖြတ်စွန့်ပစ်ခံ ၃ လောင်း မြန်မာလုပ်သားများဖြစ်ဟု စစ်ဆေးတွေ့ရှိ၊ ပတ်သက်သူ ၅ ဦးကို ဖမ်းဆီး

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဘန့်ကလမ်မြို့မှာ ပြီးခဲ့တဲ့အပတ်က သတ်ဖြတ်ပြီး အမှိုက်ပုံနား လာရောက်စွန့်ပစ်ခံထားရတဲ့ အမျိုးသား အလောင်း ၃ လောင်းမှာ မြန်မာလုပ်သားတွေဖြစ်ပြီး ပါဝင်ပတ်သက်သူ ၅ ဦး အဖမ်းခံထားရတယ်လို့ မတ် ၂၀ ရက်  ချနယ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက်မနက်က ဘန့်ကလန်မြို့ ထာ့ချန့်ရပ်ကွက်ရှိ တောစပ်အမှိုက်ပုံမှာ သေဆုံးနေတဲ့ အမျိုးသား ၃ ဦးတွေ့ရှိပြီး ၁ ဦးက ခြေလက်ကြိုးတုပ်ခံထားရပြီး လည်ပင်းမှာ ဓား ဒဏ်ရာရကာ ကျန် ၂ ဦးမှာလည်းအကြမ်းဖက်ခံရပြီး သေဆုံးခဲ့ပုံရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သူတို့ပုံစံဟာ လူကုန်ကူးခံရတဲ့ပုံစံတွေဖြစ်နေလို့  စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က  အရင်လူ ကုန်ကူးမှုမှာ ပါဝင်ပတ်သက်ဖူးသူတွေ၊ အမည်ပျက်စာရင်းထဲပါသူတွေ လိုက်စုံစမ်းပြီး သံသယရှိသူ ၅ ဦးကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ၅ ဦးမှာ အမျိုးသား ၃ ဦး အမျိူးသမီး ၂ ဦးပါဝင်ပြီး စမွတ်ပရကန်နဲ့ ကော်ဖငန်းမြို့နယ်တွေမှာ အဖမ်းခံရကာ လူမျိုးနဲ့နိုင်ငံသားကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

အခင်းဖြစ်တဲ့နေ့က သူတို့ဟာ  မြန်မာလုပ်သားစုစုပေါင်း ၃၄ ဦးကို စမွတ်ပရကန်ခရိုင်ကနေ တင်ဆောင်ပြီး ထိုင်းတောင်ပိုင်း နာရာသီဝပ်ကို ပို့ပေးခဲ့တယ်လို့ ဝန်ခံပါတယ်။

ဆက်လက်စုံစမ်းချက်အရ ကျန်သူတွေဟာ မလေးရှားနိုင်ငံဘက်ကို ရောက်ရှိသွားပြီဖြစ်ပြီး ခြံလုပ်ငန်းနဲ့ ရာဘာခြစ်လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ 

အဖမ်းခံရသူတွေက အဲဒီထဲက ၃ ယောက်ဟာ ကားပေါ်မှာ သူတို့ချင်းချင်း သတ်ဖြတ်ပြီးသေဆုံးသွားတာဖြစ်ပြီး သူတို့သတ်တာမဟုတ်ဘူးလို့  ငြင်းဆိုထားပါတယ်။  တာဝန်ရှိသူတွေကတော့ သူတို့ပြောတာကို မယုံကြည်ဘဲ လောလောဆယ် ပူးပေါင်းကြံရွယ် လူသတ်မှု ၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ ကနဦးအမှုဖွင့်ထားပါတယ်။

ထိုင်းတောင်ပိုင်းမှာ ဒီ ၂၀၂၃ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း တရားမဝင် ဝင်ရောက်လာသူတွေ  ဖမ်းဆီးရမိမှုပေါင်း ၂၉ မှုရှိပြီး တရားမဝင် ဝင်ရောက်သူ ၃၀၀ ကျော်နဲ့ ပွဲစား ၊ လမ်းပြ စုစုပေါင်း ၂၃ ယောက် ကိုဖမ်းဆီးရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

REF: M.G.R

1 day Ago

March 16, 2023

တာ‌‌မွေတွင် ခရီးသည်ကို သတ်ဖြတ်လုယက်ပြီး လမ်းပေါ်ပစ်ချခဲ့သည့် တက္ကစီသမားကို ဖမ်းမိ

ရန်ကုန်၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကစံဟစ်တိုင်ရှေ့မှာ မတ်လ ၁၂ ရက် ည ၁၀ နာရီခွဲခန့်က တက္ကစီတစ်စီးပေါ်ကနေ ပစ်ချခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးမှုမှာ တက္ကစီယာဉ်မောင်းကို မတ်လ ၁၅ ရက်နေ့က ဖမ်းမိထားပြီလို့ တာမွေရဲတပ်ဖွဲ့နဲ့ နီးစပ်တွေက ပြောပါတယ်။ 

အဲ့ဒီညက ပရိုဘောက်အမျိုးအစား အငှားကားပေါ်ကနေ လူတစ်ဦးကို ပစ်ချခဲ့တာကို အမှိုက်သိမ်းတာဝန်ကျနေတဲ့ စည်ပင်ဝန်ထမ်းတွေနဲ့  အဆိုပါ တက္ကစီရဲ့နောက်မှာ ပါလာတဲ့  ကားကနေ မျက်မြင်‌တွေ့ခဲ့တာပါ။

သာကေတမြို့နယ်မှာ အဲကွန်းဆားဗစ်ပြုလုပ်ပြီးအပြန် သူငယ်ချင်းဖြစ်သူနဲ့အတူ စားသောက်ပြီးနောက် ဗဟန်းမြို့နယ်ရှိ နေအိမ်ကို တစ်ဦးတည်းပြန်လာစဉ် တက္ကစီပေါ်မှာ အခင်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

သူငယ်ချင်းဖြစ်သူက နောက်နေ့မနက် အလုပ်သွားဖို့ ဖုန်းဆက်သွယ်ရာမှာ မရတဲ့အတွက် သေဆုံးသူမိသားစုဝင်တွေနဲ့အတူ လိုက်လံစုံစမ်းရာကနေ သင်္ကျွန်းစံပြဆေးရုံမှာ ရုပ်အလောင်းတွေ့ရှိ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

တာမွေအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက "အဲဒီ့ညက ရောက်တော့ ည ၁၁ နာရီဖြစ်နေပါပြီ၊ တာမွေရဲတပ်ဖွဲ့က ခေါ်လို့ပါ၊ ပက်လက်အနေအထားနဲ့ သေဆုံးနေပါပြီ၊ အဲ့နားမှာက ညဘက်ဆို အရမ်းမှောင်နေတယ်၊ စည်ပင်က ည ၁၀ နာရီခွဲလောက်မှာ အမှိုက်သိမ်းနေတယ်၊ အဲ့နားမှာ အမှိုက်ပုံးကြီးတစ်ခု ရှိတယ်၊ စည်ပင်က ရဲကို ပြောနေတာ ဒုန်း ဆိုပြီး အသံကြားတယ်တဲ့၊ အဲ့ဒီမှာ အနောက်က ကပ်ပါလာတဲ့ ကားတစ်စီးက ပြောတယ်၊ ဟိုကားပေါ်ကနေ လူတစ်ယောက်ပစ်ချသွားတယ်၊ ပြီး‌တော့ ကားနံပါတ် ဘယ်လောက်ဆိုပြီး ပြောသွားတယ်” လို့ ဆိုပါတယ်။ 

အဆိုပါ အမှုခင်းဖြစ်တဲ့နေရာကို ဖြစ်ဖြစ်ချင်း ဗဟန်းမြို့နယ်ရဲနဲ့ တာမွေရဲတို့က ပူးပေါင်းစစ်ဆေးခဲ့ကြပြီး သေဆုံးသွားသူရဲ့ ပိုက်ဆံကျပ် ၃ သိန်းကို လုယက်ခဲ့တဲ့အပြင် ဓားနဲ့ ထိုးသတ် လမ်းဘေးပစ်ချခဲ့တဲ့ တက္ကစီယာဉ်မောင်းကို ကားနံပါတ်ပြားက တဆင့် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တရားခံဖြစ်သူနဲ့အတူ ပူးပေါင်းကျူးလွန်သူ ရှိ၊ မရှိနဲ့ ပြစ်မှုကျူးလွန်သူပုံ အသေးစိတ်ကို ထုတ်ပြန်ထားခြင်း မရှိသေးဘူးဘဲ တာမွေမြို့မရဲစခန်း အချုပ်မှာ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

5 days Ago

ထိုင်းတောင်ပိုင်းတွင် သတ်ဖြတ်စွန့်ပစ်ခံ အမျိုးသား ၃ ဦး၏ အလောင်းတွေ့၊ လူကုန်ကူးခံရသည့် မြန်မာဟု ထိုင်းရဲ ယူဆ

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဘန့်ကလမ်မြို့နယ်မှာ မတ်လ ၁၅ ရက် မနေ့က သတ်ဖြတ်စွန့်ပစ်ခံရတဲ့ အမျိုးသား သုံးဦးရဲ့ အလောင်းကို တွေ့ရှိပြီး လူကုန်ကူးခံရတဲ့ တရားမဝင် မြန်မာနိုင်ငံသားတွေရဲ့ အလောင်းဖြစ်နိုင်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ထာ့ချန့်ရပ်ကွက်ထဲက အမှိုက်ကောက်သမားတစ်ယောက်က မနေ့မနက်က သူတို့ရပ်ကွက်ထဲမှာရှိတဲ့ တောစပ်အမှိုက်ပုံနား အမှိုက်သွားကောက်နေစဉ် ချုံထဲက အဝတ်ပုံတွေ့လို့ မသင်္ကာလို့ လှန်လှောကြည့်ရက လူသေအလောင်း ဖြစ်နေတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးရုံးတာဝန်ရှိသူတွေက လာရောက်စစ်ဆေးကြည့်ရှုရာမှာတော့ အဆိုပါနေရာတဝိုက်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း သုံးလောင်း တွေ့ရှိကြောင်း၊ တစ်ယောက်က လက်ရော ခြေထောက်ကိုပါ ကြိုးတွေနဲ့တုပ်ထားပြီး လည်ပင်းမှာ ပြတ်လုနီးပါး အလှီးခံထားရကြောင်း၊ နောက်နှစ်ယောက်က ဘာကြောင့်ရတဲ့ဒဏ်ရာဆိုတာ မသိပေမဲ့ သုံးယောက်လုံး တစ်နေရာရာမှာ အသတ်ခံခဲ့ရပြီးမှာ လာရောက်စွန့်ပစ်ခံရတာ ဖြစ်နိုင်တယ်လို့ ဘန်ကလမ်နယ်မြေရဲတပ်ဖွဲ့က ပြောပါတယ်။ 

အလောင်း သုံးလောင်းအနက် တစ်လောင်းမှာ အသက် ၁၈ နှစ်ရွယ် လူငယ်၊ နောက် နှစ်လောင်းမှာ အသက် ၃၀ ကျော်ရွယ်ရှိပြီး လွန်ခဲ့တဲ့ ၂ ရက်လောက်က သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။

သူတို့ရဲ့လက်မှာ အနီရောင်ကြိုးစတွေ ပတ်ထားတာကြောင့် လူကုန်ကူးခံရတဲ့ တရားမဝင် အလုပ်သမားတွေ ဖြစ်နိုင်ကြောင်း၊ အဆိုပါတောအုပ်အနီးတဝိုက် လိုက်လံစစ်ဆေးရာမှာ မီတာ ၂၀၀ အကွာမှာတော့  မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာအလုပ်သမားတွေ ပုန်းအောင်းလေ့ရှိတဲ့ ယာယီတဲတွေ တွေ့ရှိတာကြောင့် သေဆုံးသူတွေဟာ လူကုန်ကူးခံရတဲ့ မြန်မာလုပ်သားတွေ ဖြစ်နိုင်ပြီး အကြောင်းတစ်ခုခုကြောင့် အသတ်ခံရတာလို့ ရဲတပ်ဖွဲ့က ခန့်မှန်းပြောပါတယ်။

အဆိုပါအလောင်းတွေကို ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံကို သယ်ဆောင်သွားပြီး အမှုကွင်းဆက်တွေ ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ အမှတ် ၉ နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

5 days Ago
More News
Up