လူသတ်တရားခံမိန်းကလေးနှင့် ဓာတ်ပုံတွဲရိုက်သည့် ထိုင်းရဲအရာရှိ ၂ ဦး အရေးယူခံရ

June 7, 2017

လူသတ်တရားခံမိန်းကလေးနှင့် ဓာတ်ပုံတွဲရိုက်သည့် ထိုင်းရဲအရာရှိ ၂ ဦး အရေးယူခံရ

ထိုင်းနိုင်ငံမှာ လူသတ်ပြီး မြန်မာနိုင်ငံဘက် ထွက်ပြေးလာတဲ့ မိန်းကလေးတွေနဲ့အတူ ဓာတ်ပုံရိုက်ခဲ့တဲ့ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက အရာရှိ ၂ ဦးကို ထိုင်းအမျိုးသား ရဲတပ်ဖွဲ့က ပြောင်းရွှေ့မိန့်ပေးပြီး အရေးယူလိုက်တယ်လို့ ဇွန်လ ၆ ရက်နေ့ ခေါင်ဆွတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခွန်ကဲင်မြို့ ကာရာအိုကေဆိုင်က မိန်းကလေးတဦး အပိုင်းပိုင်း သတ်ဖြတ် မြေမြှုပ်ခံရမှုမှာ  ပါဝင်ပတ်သက်တဲ့ မိန်းကလေး ၃ ဦးကို မြန်မာအာဏာပိုင်တွေဘက်က ပြီးခဲ့တဲ့ ဇွန်လ ၃ ရက် ညမှာ ထိုင်းအာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးခဲ့ပြီးတဲ့နောက် အဲဒီ မိန်းကလေး ၃ ဦး အလှပြင်နေတဲ့ပုံ၊ ဆေးလိပ်သောက်နေတဲ့ပုံ၊ ရဲအရာရှိတွေနဲ့ ပြုံးရွှင်စွာ အတူရှိနေတဲ့ပုံတွေ လူမှုကွန်ရက်ပေါ်တက်လာပြီး ဝေဖန်မှုတွေလည်း မြင့်တက်နေတာပါ။ အင်မတန်ရက်စက်တဲ့ လူသတ်မှုကို ကျူးလွန်ခဲ့သူတွေဟာ လက်ထိတ်ခတ်ထားခြင်း မခံရတဲ့အပြင် အာဏာပိုင်တွေနဲ့ ပြုံးပြုံးရွှင်ရွှင် ရှိနေတဲ့အပေါ် လူတွေက မေးခွန်းထုတ်ပြီး ထိုင်းရဲတပ်ဖွဲ့ကို ပြစ်တင်လှောင်ပြောင်နေကြပါတယ်။ ဒါကြောင့် ထိုင်းရဲတပ်ဖွဲ့က ပြန်လည်စစ်ဆေးပြီး မိန်းကလေး ၃ ဦးထဲက အဓိက တရားခံလည်းဖြစ်၊ အလှဆုံးလည်းဖြစ်တဲ့ ပြို့ ခေါ် ပရီယာနုတ် (၂၄ နှစ်) နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့တဲ့ ချင်းရိုင်းခရိုင် လဝက ဒု-ရဲမှူးကြီး ရစ်ထိကိုင်း ကလကွန်းနဲ့ ဒု-ရဲမှူး ထဝပ်ဆင် ဘွန်တန်လတို့ ၂ ဦးကို မူလတာဝန်မှ ခေတ္တရပ်နားပြီး ဘန်ကောက်ရုံးချုပ်ကို ပြန်ခေါ်လိုက်ပါတယ်။ အောက်ခြေရဲတပ်ဖွဲ့ဝင်တွေကတော့ လူသတ်တရားခံတွေကို ချက်ချင်း လက်ထိတ်ခတ်မထားတာဟာ စိတ္တဗေဒသဘောအရ သူတို့ကို အလွယ်တကူ စစ်ကြောရေး လုပ်လို့ရအောင်၊ စိတ်သက်သာစွာ ဖြောင့်ချက်ပေးနိုင်အောင် လုပ်တာလို့ ပြောဆိုခဲ့ပါတယ်။ ချင်းရိုင်းခရိုင် ရဲမှူးချုပ်ကတော့ ဒါဟာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်ဆိုပြီး အရာရှိ ၂ ဦးအား ပြောင်းရွှေ့မိန့်ပေးတဲ့စာကို ဇွန်လ ၆ ရက်နေ့က လက်မှတ်ထိုးပေးလိုက်တာပါ။ ခွန်ကဲန်မြို့ရှိ နာမည်ကြီး ကာရာအိုကေဆိုင်မှ နောင့်အဲမ်လို့ခေါ်တဲ့ အသက် ၂၂ နှစ်အရွယ် မိန်းကလေးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကတည်းက အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မိဘဆွေမျိုးတွေက ရဲစခန်းမှာ လူပျောက် တိုင်ကြားခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာတော့ ခွန်ကဲန်ခရိုင် ခေါင်ဆွန်ကဝမ်မြို့နယ် တောရွာတရွာက ဝါးရုံတွေကြား မြေမြှုပ်ခံထားရတဲ့ သူ့အလောင်းကို ရွာသားတွေက တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သေဆုံးသူ မိန်းကလေးနဲ့ နီးစပ်သူတွေ၊ သူ သွားလာလှုပ်ရှားတဲ့နေရာက စီစီတီဗွီကင်မရာတွေ ပြန်လည်စစ်ဆေးပြီး အမှုကို စုံစမ်းဖော်ထုတ်ရာမှာ အဲဒီ ကာရာအိုကေဆိုင်က သူ့ရဲ့ လုပ်ဖော်ကိုင်ဘက် ပြို ခေါ် ပီယာနုတ်နဲ့ အပေါင်းအပါ ၄ ဦးရဲ့ လက်ချက်ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ လူသတ်မှုဖြစ်ရတဲ့ အဓိကအကြောင်းကတော့ အသတ်ခံခဲ့ရတဲ့ မိန်းကလေးက ရဲတပ်ဖွဲ့ကို မူးယစ်ဆေးနဲ့ပတ်သက်တဲ့ သတင်းပေးခဲ့တဲ့အတွက် ပြိုရဲ့အမျိုးသား ထောင်ကျခဲ့ရပြီး သူတို့မှာလည်း ရဲတွေရဲ့ စောင့်ကြည့်ခြင်း ခံနေရတဲ့အပေါ် မကျေနပ်လို့ ခုလိုလုပ်ရတာဖြစ်ကြောင်း တရားခံတွေက ဝန်ခံသွားပါတယ်။
4 years Ago
Up