လူသစ်များသို့ပေးစာ (၁)

December 1, 2015

လူသစ်များသို့ပေးစာ (၁)

နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင်လုပ်မှသာ နိုင်ငံရေးအတွေ့အကြုံရတာ မဟုတ်ပါ။ ကျနော်မွေးတဲ့အချိန်မှာ မြန်မာပြည် လွတ်လပ်ရေးရတာက လပိုင်းသာရှိသေးတယ်။ ပုလဲမြို့နယ်တောင်ဘက်အစွန် တောင်ယမားဘေးက မင်းရွာဆိုတဲ့ ရွာကလေးမှာ မွေးတယ်။ ငါးနှစ်သားအထိသာ ရွာမှာနေရပေမယ့် အမှတ်ထင်ထင် ရှိတာတွေက သူပုန်နဲ့ ဓါးပြဖြစ်ပါတယ်။ အဲဒါကြောင့်လည်း တမိသားစုလုံး မုံရွာကို အပြီးရွှေ့ရတာပါ။ နောက်ထပ်လည်း အပြီးဆိုတာတွေက ဆရာဝန်အလုပ်က အပြီးထွက်ရတာ၊ မြန်မာပြည်ကနေ အပြီးထွက်ရတာ၊ နိုင်ငံတခုကနေ နောက်တိုင်းပြည်တခုကို အပြီးထွက်ရတာ အပါအဝင် တသက်တာမှာ အပြီးဆိုတာတွေ ထပ်ထပ်လာပါတယ်။ မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်နေတယ်လို့ နောင်နှစ်ပေါင်းလေးဆယ်ကျော်မှ လုပ်ဖော်ကိုင်ဘက်တွေကပြောတာ ကြားရပေမယ့် ဝေါဟာရသာမဟုတ်တဲ့ တကယ့်သူပုန်ဆိုတာက မွေးကတည်းက တွေ့ရတာပါ။ ရွာမှာနေရတုန်းက သူပုန်တွေ ကျနော့်မိဘအိမ်မှာပဲ လာပြီးတည်းခိုကြတယ်။ အစိုးရတပ်လာလည်း အိမ်မှာပဲတည်းပါတယ်။ နဖူးတွေ့ဒူးတွေ့သာမကပါ ရေစက်ပါတယ်လို့ ပြောရမယ်။ နောင်နှစ်ပေါင်းလေးဆယ်အကြာမှာပါပဲ အစိုးရက သူပုန်လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ အတူအိပ်အတူစား နှစ်တွေအများကြီး နေရပါတယ်။ အထက်တန်းကျောင်းသားဘဝမှာ အပြင်စာတွေ ဖတ်ဖြစ်ပါတယ်။ လက်ဝဲအယူအဆ လွှမ်းမိုးတဲ့ စာတွေချည်းသာရှိတယ်။ စာ၊ ကဗျာ၊ အနုပညာမှာလည်း လက်ဝဲများတယ်။ ဖဆပလအစိုးရရဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးတွေက စာထဲမှာသာမကပါ၊ အခမဲ့ လမ်းတကာ ရွာတကာ လှည့်ပြတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး လူထုအောင်သံရုပ်ရှင်ဆိုရင် မှတ်မိသလောက် ငါးခါကြည့်ဘူးတယ်။ ဝန်ကြီးချုပ် ဦးနု ရေးတာပါ။ စာဆိုတော့ ဖတ်စရာမို့ဖတ်တယ်။ ရုပ်ရှင်ဆိုတော့ ကြည့်စရာမို့ ကြည့်တယ်။ သူပုန်ဆိုတာတော့ ဆန်းတယ်မထင်မိပါ။ မြန်မာပြည်က သူပုန်သာမက အိမ်နီးချင်းတိုင်းပြည်က သူပုန်တွေက ဒုက္ခပေးတာလည်း မခံရဘူးပါ။ မကြာပါ မြန်မာ့ဆိုရှယ်လစ် တက်လာတယ်။ အဲဒါကကြာတယ်၊ ၂၆ နှစ်ပါ။ နေရာတိုင်းမှာ ဆိုရှယ်မှမလစ်ရင် နေမဖြစ်သလောက်ဘဲ။ အထက်တန်းကျောင်းသားဘဝမှာ ဆိုရှယ်လစ်လောက နိဗ္ဗာန်ပါတဲ့ သစ္စာအဓိဋ္ဌာန်ကို နေ့တိုင်းရွတ်ရတယ်။ ဆေးကျောင်းသားဘဝမှာတော့ ဆိုရှယ်လစ်ခေတ်ဆိုတာ ရှားပါးတာလို့သာ တွေ့ပါတယ်။ တက္ကသိုလ်တက်ကြမယ့် ကျောင်းသားတွေကို ပုဆိုး၊ ဆပ်ပြာ၊ သွားတိုက်ဆေး ဝယ်ခွင့်ပေးတာသိတယ်။ ဆေးစာအုပ်တွေ ဝယ်မရတာ သိတယ်။ ဆေးကျောင်းမဂ္ဂဇင်းထုတ်တော့ ကျနော်က မျက်နှာဖုံးပန်းချီ ဆွဲရတဲ့အခါ ၁၉၇၃ မဆလ ပါတီညီလာခံကို ကြိုဆိုတဲ့အနေနဲ့ ပါတီလိုဂိုတခုပါ ထည့်ဆွဲခိုင်းလို့ ဒီဇိုင်းပါ ဆွဲပေးရတာ သိတယ်။ ဆရာဝန်အလုပ်ရတော့ ရောက်တဲ့အရပ်မှာ တချို့ပါတီကောင်စီ လူကြီးတွေနဲ့ သိပ်အစေးမကပ်ပါ။ ကျနော်က ပါတီဝင်လျှောက်လွှာကို နှစ်အတော်ကြာမှာ တင်တော့ တင်သေးတယ်။ မုံရွာမှာလို့ထင်တယ်။ လျှောက်လွှာမကျပါ။ ဒါပေမယ့် ၁၉၈၈ မှာတော့ တပ်တွင်းပညာပေး သင်တန်းထဲမှာ ပါသွားတယ်။ နောက်ဆုံးအသုတ်၊ မန္တလေးနန်းတွင်းမှာပါ။ အဲဒီတုန်းက ကုတင်ချင်းကပ် နေခဲ့ရတဲ့ ဗိုလ်ကြီးတယောက်ကို (နဝတ) က အာဏာသိမ်းတော့ သူက ပုလဲမှာတာဝန်ကျလို့ ပြန်တွေ့ရတယ်။ ရွှေကျောင်းဆရာတော်ရှေ့မှာ ရပ်မိရပ်ဖတွေနဲ့တွေ့တော့ ပစ္စတိုကို သူ့ရှေ့မှာချထားပြီး စကားပြောတာကို သတိထားမိတယ်။ မကြာပါ သူလည်း မဲသဝေါတိုက်ပွဲမှာ ကျသွားရှာတယ်။ နောက်ငါးနှစ်အကြာ အဲဒီ မဲသဝေါနားက မာနယ်ပလောကို ကျနော်ပါ ရောက်ရလိမ့်မယ်မှန်း ကြိုမမြင်ခဲ့ပါ။ ၁၉၉၅ မာနယ်ပလော မကျခင်မှာ သုံးခေါက် ရောက်ပါတယ်။ ရုံးခေါင်းရင်းမှာ ဗုံးခိုကျင်းရှိတယ်။ မဆလပြုတ်ကျပြီးစ တပ်တွင်းပညာပေးသင်တန်းက ဆရာမတယောက်နဲ့ ရန်ကုန် ကုန်တိုက် (၁) မှာ သွားဆုံတော့ ဘယ်လိုစကားမျိုး ပြောမိကြသလဲ၊ ကောင်းကောင်းမမှတ်မိတော့ပါ။ မဆလ ကေဒါနည်းပြဆရာမ စိတ်ဓာတ်တွေ ထွေပြားနေတာတော့ သိတယ်။ ကျနော်ကတော့ ဘာရယ်လို့မဟုတ်ပါ။ အန်အယ်လ်ဒီလည်း မရှိသေးပါ။ အန်အယ်လ်ဒီပါတီဖွဲ့လိုက်တာနဲ့ ကျနော် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်နေပြီ။ အာဏာသိမ်းအစိုးရက အစိုးရဝန်ထမ်းတွေ နိုင်ငံရေးလုပ်ချင်ရင် အစိုးရအလုပ်ကထွက် ဆိုတာကို အခွင့်အလမ်းလို့ မှတ်ယူလိုက်ပါတယ်။ ရန်ကုန်ဆင်းပြီး လျှောက်လွှာတင်တော့ တပတ်တည်းနဲ့ ၁၅ နှစ်တာ လုပ်နေခဲ့တဲ့ အစိုးရဆရာဝန်ဘဝကနေ အပြီးအပိုင် ထွက်ခွင့်ရပါတော့တယ်။ အဲသည်ကတည်းက နိုင်ငံရေးလုပ်တဲ့သူဘဝကို တရားဝင် ရလာပါတော့တယ်။ အဲဒါလည်း အပြီးအပိုင် တခုပါပဲ။ ၁၉၉ဝ ရွေးကောက်ပွဲဝင်ခဲ့တာကိုတော့ အလျဉ်းသင့်တဲ့အခါ ရေးထားပြီးမို့ ဒီစာမှာ ထည့်မရေးတော့ပါ။ ရွေးကောက်ပွဲရလဒ် ထွက်ပြီးကတည်းက အမတ်တွေအပေါ်ပေးတဲ့ ဖိအားတွေက ထောင့်အစုံကနေလာတယ်။ ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေက ထိပ်ဆုံးကပါ။ ကျနော်တို့လည်း တတ်နိုင်တာတော့ လုပ်ကြပါတယ်။ ဘယ်သွားသွား အရိပ်လိုလိုက်နေမယ့် ထောက်လှမ်းရေးနဲ့ သတင်းပေးတွေ ရှိနေမှန်း သိကြပါတယ်။ မတတ်နိုင်ပါ။ အသက်ကို ဖက်နဲ့ထုပ်ထားရသလိုပါပဲ။ ဆရာတော် ဦးရေဝတနဲ့ရော အန်အယ်လ်ဒီက ဦးမောင်ကိုနဲ့ပါ ပြောဆိုဆွေးနွေးရဖူးတယ်။ နှစ်ဦးစလုံး ကံဆိုးကြတယ်။ ထောင်ထဲမှာပဲ ညှဉ်းဆဲပြီး အသတ်ခံကြရတယ်။ နောက်ဆုံးတော့ ကျနော်လည်း ဝါးရမ်းပြေးနဲ့ ပြည်ပြေး ဖြစ်ရပါတော့တယ်။ ငယ်ငယ်ကတည်းက လက်ဝဲသမားတွေရေးတာလည်း ဖတ်တယ်။ လူလားမြောက်ရာ ချင်းတွင်းမြစ် အနောက်ဘက်မှာ အလံနီခေါ်တဲ့ သခင်စိုးအဖွဲ့က ကြီးစိုးပါတယ်။ မဆလခေတ်မှာ အညမညကို သင်ယူရတယ်။ ဆိုဗီယက်နဲ့ အန်ကယ်ဆမ်တို့ စစ်ခင်းနေချိန်မှာ ဆယ်တန်းအောင်ပါတယ်။ အမေရိကန်သမ္မတတွေရဲ့ အတ္ထုပ္ပတ္တိတွေလည်း ဖတ်ဖြစ်ပါတယ်။ အဲဒီ အိုဒီယောလော်ဂျီတွေအောက်မှာ နစ်ဝင်မသွားခဲ့ပါ။ ဆန့်ကျင်ရေးသမားလည်း မဟုတ်ပါ။ ဒီစာမှာ ကောက်ချက်ပေးချင်တာက တောမှာမွေးဖွား၊ မောင်ကျောင်းသား၊ ဆေးကျောင်းသားနဲ့ ဆရာဝန်၊ အန်အယ်လ်ဒီပါတီဝင်၊ ရွေးကောက်ပွဲဝင်ခဲ့သူ ကျနော့်ဘဝ နောက်ခံမျိုးနဲ့ တူသူတွေ အများကြီးရှိမှာပါ။ အသက် ၄ဝ အရွယ်မှာတော့ အဲလို အခြေခံတူကြသူတွေမှာ မတူတာတွေ ဖြစ်လာကြပါတယ်။ အားလုံးဟာ လူထုဖြစ်တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လူဟောင်းတွေနဲ့အတူ ဇာတ်ဆောင်သစ်တွေ (သရုပ်ဆောင်မဟုတ်ပါ) အများကြီး ပေါ်ထွက်လာကြပြီ။ သူတို့အားလုံးကို အားပေးချင်လို့ ဒီစာလေးရေးတာပါ။ သူတို့ရေးတာတွေကိုလည်း နောက်လူအသစ်အသစ်တွေက ဖတ်ကြရပါလိမ့်မယ်။ သင်ခန်းစာဆိုတာ ကိုယ်ယူတတ်မှရတယ်လို့ ပြောကြတယ်။ ကျနော်ပြောချင်တာက ဘေးပတ်ဝန်းကျင်၊ ဖတ်တဲ့စာ၊ ပေါင်းသင်းရသူတွေ ဘယ်လိုများများ၊ ဘယ်လိုမတူငြားလည်း ယူသင့်တာကိုသာ ယူပါ။ စိုက်လိုက်မတ်တတ်လုပ်ပါ။
6 years Ago
Up