လူဝီစီယားနားပြည်နယ်

September 1, 2020

လူဝီစီယားနားပြည်နယ်၌ ဓာတုပစ္စည်းများမီးလောင်မှုကြောင့်  အဆိပ်သင့်မီးခိုးအန္တရာယ်ရှိနေ

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ဘဲလ်အဒ်ဝပ်က ပြည်နယ် အနောက်တောင်ပိုင်းက ရပ်ကွက် ၃ ခုမှာ နေကြတဲ့ ဒေသခံတွေ သြဂုတ် ၂၇ ရက်ကစပြီး ပြတင်းပေါက်တွေ တံခါးတွေကို  ပိတ်ထားကာ အခန်းထဲမှာပဲ နေကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဟာရီကိန်းမုန်တိုင်း လော်ရာကြောင့် ပျက်စီးခဲ့တဲ့ ဘိုင်အိုလဘ်စက်ရုံမှာ ဓာတုပစ္စည်းတွေ မီးလောင်လို့ ထွက်လာတဲ့ မီးခိုးတွေရဲ့ အဆိပ်သင့်မှာကို စိုးရိမ်လို့ အခုလို သတိပေးတာပါ။ KIK Custom Products နိုင်ငံတကာကော်ပိုရေးရှင်းက ဘိုင်အိုလဘ်စက်ရုံမှာ ကလိုရင်းဓာတ်ငွေ့ဓာတု မီးလောင်မှုကို အတည်ပြုပြီး သက်ရောက်မှုတွေကို တတ်နိုင်သမျှ အမြန်ဆုံးထိန်းချုပ်စစ်ဆေးဖို့ တခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ စက်ရုံကိုယ်စားလှယ်က ပြောပါတယ်။ လော်ရာမုန်တိုင်းကြောင့် လူဝီစီယားနားနဲ့ တက္ကဆပ်ပြည်နယ်တွေက မြို့တွေမှာ သစ်ပင်ပိလို့လူ ၄ ယောက် သေဆုံးခဲ့ပေမဲ့ မုန်တိုင်းကြောင့်ဖြစ်တဲ့ အပျက်အစီးကတော့ ခန့်မှန်းထားတာအောက် လျော့နည်းပြီး မီးတောက်တွေကိုတော့ ထိန်းချုပ်နိုင်ပြီလို့ ရဲတွေက ပြောပါတယ်။ ဒီစက်ရုံဟာ အိမ်တွင်းသန့်ရှင်းရေးနဲ့ ရေကူးကန် ပိုးသတ်ရေးအတွက် ကလိုရင်းအခြေပြု ကုန်စည်တွေ ထုတ်လုပ်တယ်လို့ သူ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မီးခိုးကြောင့် စက်ရုံနားက လမ်းဆုံ အမှတ် ၁၀ ကို မဖြတ်ဖို့ ရဲတွေက ယာဉ်ကြောပိတ်ဆို့ ထားပါတယ်။
7 months Ago

August 28, 2020

အမေရိကန် လူဝီစီယားနားပြည်နယ်ကို ဟာရီကိန်းလော်ရာ ဝင်ရောက်

ဟာရီကိန်းမုန်တိုင်း လော်ရာဟာ  အမေရိကန်နိုင်ငံ  လူဝီစီယားနားပြည်နယ်ကို သြဂုတ် ၂၇ ရက် မနက် အစောပိုင်းက ဝင်ရောက်ခဲ့ပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လော်ရာဟာ  မုန်တိုင်းအဆင့်  ၄ ရှိပြီး  မုန်တိုင်းလော်ရာကြောင့် ကမ်မရွန်းမြို့မှာ နေအိမ်တွေပျက်စီးပြီး ရေတွေကြီးနေပုံကို ရိုက်တာသတင်းမှာ မြင်တွေ့ရပါတယ်။  လော်ရာဟာ လူဝီစီယားနားကို လေတိုက်နှုန်းတစ်နာရီ မိုင်  ၁၅၀နဲ့ ဝင်ခဲ့ပြီး  အဆောက် အအုံတွေ ပျက်စီး၊ သစ်ပင်တွေ ပြိုလဲတာနဲ့ လူဝီစီယားနားနဲ့တက္ကဆက်တို့က ဒေသခံ ခြောက်သိန်းခွဲ ကျော်  ဓာတ်အား ပြတ်တောက်တာတွေ ကြုံတွေ့ခဲ့ပါတယ်။  ဒါပေမဲ့လည်း လော်ရာမုန်တိုင်းဟာ ခန့်မှန်းထားတာထက် အားပျော့တာကြောင့် ရေအကြီး အကျယ် လွှမ်းမယ်လို့ စိုးရိမ်ထားတဲ့ ရေနံချက်စက်ရုံတွေ လွတ်ကင်းခဲ့ပါတယ်။  မုန်တိုင်းလော်ရာကြောင့် တက္ကဆက်ပြည်နယ် အောရင့်ဂျ်မြို့မှာလည်း  သစ်ပင်တွေ လဲကျတာ၊ ဓာတ်တိုင်တွေ ပြိုလဲတာနဲ့ အမိုးတွေ လန်တာရှိခဲ့တယ်။ တက္ကဆက်-လူဝီစီယားနားနယ်စပ်အနီး ပင်လယ်ကွေ့ကို  မုန်တိုင်း ဝင်ပြီးနောက် တက္ကဆက်၊ လူဝီစီယားနားနဲ့အာကင်ဆောပြည်နယ်တွေက  နေအိမ်နဲ့လုပ်ငန်း ရှစ်သိန်းခွဲ ကျော်လည်း ဓာတ်အား ပြတ်တောက်ခဲ့ရပါတယ်။   အဲဒီနောက် လော်ရာဟာ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားပြီး လေတိုက်နှုန်း တစ်နာရီ ၆၅ မိုင်နဲ့  လူဝီစီယားနား-အာကင်ဆောနယ်စပ်မြောက်ပိုင်းကို ဖြတ်သန်းနေတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။ 
8 months Ago
Up