လူဝင်မှုကြီးကြပ်ရေး

June 11, 2019

တောင်ပိုင်းနယ်စပ်က ဝင်လာသည့် ရွှေ့ပြောင်းနေထိုင်သူများကို မက္ကဆီကို ထိန်းသိမ်း

လူဝင်မှုကြီးကြပ်ရေး အမေရိကန်နဲ့ သဘောတူညီချက်အသစ် အသက်ဝင်ပြီမို့ ဇွန်လ ၁၀ ရက်နေ့က မက္ကဆီကို အာဏာပိုင်တွေဟာ တောင်ပိုင်းနယ်စပ်က ဝင်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ထိန်းသိမ်းခဲ့ပါတယ်။ ဂွါတီမာလာနဲ့ မက္ကဆီကို နယ်စပ်အကြား စူချီယာသဲမြစ်ကို ဖြတ်ကူးဝင်လာတဲ့ ရွှေ့ပြောင်းလာသူတွေကို မက္ကဆီကို အာဏာပိုင်တွေက ထိန်းသိမ်းခဲ့တာပါ။ နယ်စပ်မြစ် ဖြတ်ကူးဝင်လာသူ ဟွန်ဒူးရပ်စ်နိုင်ငံသားက နယ်စပ်တလျှောက် ခြေကျင်ခရီးနှင်ဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေက သူ့ကိုပြန်ပို့ရင် သူ့အနေနဲ့ အမေရိကားကို ခရီးဆက်မယ်လို့လည်း ပြောခဲ့ပါတယ်။ ဇွန်လ ၇ ရက်နေ့က နယ်စပ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ မက္ကဆီကိုတို့ သဘောတူညီချက်ရပြီး ကုန်သွယ်ခွန် စည်းကြပ်မယ့်ကိစ္စကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။ အဲဒီသဘောတူညီချက်အရ မက္ကဆီကိုဟာ ဗဟိုအမေရိကကနေ တရားမဝင် ဝင်လာသူတွေကို ထိန်းချုပ်ဖို့ ခိုလှုံခွင့်အစီအစဉ်ကို အမြန်ချဲ့ထွင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားရေး သဘောတူခဲ့ပါတယ်။ ဒါပေမယ့် မက္ကဆီကိုတောင်ပိုင်း နယ်စပ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ပိုမိုချထားတာဟာ ဂွါတီမာလာနယ်စပ်ကို စစ်ပုံသွင်းတယ်ဆိုပြီး ရှုမြင်မှာကို ရွှေ့ပြောင်းသူများအရေး လှုပ်ရှားသူတွေကတော့ စိုးရိမ်နေကြပါတယ်။
4 years Ago

July 30, 2018

နယ်စပ်တံတိုင်းတည်ဆောက်ရေး ငွေမပေးပါက အစိုးရလုပ်ငန်းများ ရပ်ဆိုင်းမည်ဟု ထရမ့် ခြိမ်းခြောက်

ကွန်ဂရက်လွှတ်တော်က နယ်စပ်တံတိုင်း တည်ဆောက်ရေးလုပ်ငန်းနဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေမှာ ငွေကြေးပေးအပ်မှု မရှိဘူးဆိုရင် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၉ ရက်နေ့မှာ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။ “နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီး ဒီမိုကရက်အမတ်တွေ ထောက်ခံမဲ မပေးဘူးဆိုရင် အစိုးရလုပ်ငန်းဆောင်တာတွေကို ကျနော် ရပ်ဆိုင်းလိုပါတယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားတာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း အစိုးရအနေနဲ့ လူဝင်မှုကြီးကြပ်ရေးကိစ္စ ကိုင်တွယ်ရာမှာ သဘောတူညီမှု မရခဲ့ပါက အစိုးရ လုပ်ငန်းဆောင်တာတွေကို ရပ်ဆိုင်းမယ်လို့ ခြိမ်းခြောက် ပြောကြားခဲ့ဖူးပါတယ်။ အဲဒီလိုပြောကြားအပြီး မတ်လမှာ ကွန်ဂရက်လွှတ်တော်က အစိုးရအသုံးစရိတ်ဆိုင်ရာ ဘတ်ဂျက်ဥပဒေကို အတည်ပြုပေးခဲ့ပါတယ်။ အဲဒီအသုံးစရိတ်ဘတ်ဂျက်ဟာ အခုနှစ် စက်တင်ဘာလအထိ အစိုးရငွေကြေးသုံးစွဲခွင့် ဥပဒေလည်း ဖြစ်ပါတယ်။ အဲဒီဥပဒေမှာပါတဲ့ အစိုးရအသုံးစရိတ်နဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တချို့ကို ဒေါ်နယ်ထရမ့်က လက်မခံဘဲ ဗီတိုအာဏာနဲ့ ပယ်ချမယ်လို့ ပြောကြားခဲ့ပေမယ့် နောက်ပိုင်းမှာ အတည်ပြု လက်မှတ်ရေးထိုးခဲ့တယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up