လူရွှင်တော်ကြီး ဦးမန်းဝင်း

July 15, 2020

လူရွှင်တော်ကြီး ဦးမန်းဝင်း၏ နောက်ဆုံးခရီး စျာပန (ဓာတ်ပုံ) 

လူရွှင်တော်ကြီး ဦးမန်းဝင်းရဲ့ စျာပနအခမ်းအနားကို ဒီကနေ့ ဇူလိုင် ၁၅ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျီစုသုသာန်မှာ ပြုလုပ်ခဲ့ပြီး အနုပညာရှင်တွေနဲ့ ပရိသတ်တွေ ကြိတ်ကြိတ်တိုး လာရောက်ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။ အသက် ၇၈ နှစ်ရှိ ဟာသသရုပ်ဆောင်၊ လူရွှင်တော် ဦးမန်းဝင်းဟာ ဇူလိုင် ၁၃ မနက် ၆ နာရီလောက်က ဦးနှောက်အကြိတ်ရောင်ရောဂါနဲ့ ပင်လုံဆေးရုံကြီးမှာ  ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။  Photo - Ye Myo Khant / MPA
11 months Ago

July 13, 2020

ဝါရင့် ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးမန်းဝင်းကွယ်လွန်

ဝါရင့်ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးမန်းဝင်းဟာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက် မနက် ၆ နာရီခွဲက ရန်ကုန်မြို့၊ ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ ဦးမန်းဝင်းရဲ့ သားဖြစ်တဲ့ ချမ်းသာမန်းဝင်းက သူရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာဖခင်ဖြစ်သူရဲ့ ဓာတ်ပုံနဲ့အတူ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ ရပါတယ်။        “နောက်ဆုံး အချိန်ထိ သားကြိုးစားခဲ့ပါတယ် ဖေကြီးရယ်။ ဖေကြီး ကောင်းမွန်စွာ အိပ်ပါ အနားယူပါတော့။ ဖေဖေ့ ထွက်သက်မှာ သားဖေကြီးလက်ကို ကိုင်ခွင့်ရတာ ကျေနပ်ပါတယ်။ သေခြင်းတရားက အင်အားကြီးတော့ အရှုံးပေးလိုက်ရပြီပေါ့ဗျာ။ စင်ပေါ်မှာ သားအဖတွေ ‌လူရွှင်တော် အတူတူကခဲ့ကြတယ်။ ခရီးတွေ အတူတူထွက်ခဲ့ကြတယ်။ ခုတော့ ဖေကြီးက သွားနှင့်ပြီပေါ့ဗျာ” ပရိသတ်တွေကို ထိမိတဲ့ ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော်ကြီးမန်းဝင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်အရွယ် ရှိနေပြီ ဖြစ်ပါတယ်။ ဦးမန်းဝင်းဟာ ကျောက်ကပ်ဝေဒနာခံစားနေရတာ နှစ်နဲ့ချီရှိ နေခဲ့ပြီဖြစ်ကာ နှလုံးရောဂါလည်း ခံစားနေရတယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ လပိုင်းတုန်းက ဦးနှောက်သွေးယိုစိမ့်ခဲ့လို့ ပင်လုံဆေးရုံကြီးမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဦးမန်းဝင်းကိုတော့ ပရိသတ်တွေက လူရွှင်တော်တယောက်အနေနဲ့ စတင်သိရှိခဲ့ကြပြီး အငြိမ့်တွေ၊ ဇာတ်ပွဲတွေများစွာမှာ ကပြဖျော်ဖြေခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ရင်း အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် ပရိသတ်တွေရော၊ အနုပညာရှင်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြပြီး မိသားစုနဲ့အတူ ကြေကွဲဝမ်းနည်းရကြောင်း မှတ်ချက်တွေ ရေးသားနေကြတာကို တွေ့ရပါတယ်။
12 months Ago
Up