လူမှုကွန်ရက်

May 24, 2019

ဇနီးအား သစ်ပင်တွင်ချည်နှောင်ပြီး မီးခိုးငွေ့ဖြင့် မှိုင်းတိုက်နှိပ်စက်သည့် ခင်ပွန်းကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နောင်ဘိုလမ်းဖူးခရိုင်ထဲမှာ ခင်ပွန်းဖြစ်သူက ဇနီးကို လက်နှစ်ဖက်ကြိုးတုပ် သစ်ပင်မှာ တွဲလွဲချည်ပြီး မီးခိုးငွေ့တွေနဲ့ မှိုင်းတိုက်ခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ ပို့စ်တစ်ခုကို Ai Aum ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်နဲ့ မေ ၂၄ ရက် နေ့စွဲနဲ့ တင်ထားပြီး မိန်းကလေးမှာ သူနဲ့ ဆွေမျိုးတော်စပ်တယ်၊ ဘာကြောင့်မှန်းမသိဘဲ  ခင်ပွန်းဖြစ်သူက သူမကို လက်ပြန်ကြိုးတုပ် ဒရွတ်တိုက်ဆွဲကာ အဲဒီသစ်ပင်နားမှာ လက်ပြန်ကြိုးတုပ်ပြီး ၄ နာရီကြာ တွဲလွဲချည်ထားတယ်၊ ဘေးနားမှာလည်း ကောက်ရိုးတွေနဲ့ မီးဖိုထားပြီး မီးခိုးမှိုင်းတိုက်ခဲ့တယ်၊ သူ့ယောကျာ်းနဲ့ အဖော်အမျိုးသားတဦး ဘေးကနေ အရက်ထိုင်သောက်ပြီး သူမဒုက္ခကို ထိုင်ကြည့်နေတယ်၊ ကြည့်ရတာ မိန်းကလေးကို မီးရှို့သတ်ဖို့ ဒါမှမဟုတ် သူမအသားကိုလှီးပြီး မီးကင်ဖို့လုပ်နေပေမယ့် ကံကောင်းစွာပဲ အရပ်ထဲကလူတွေ တွေ့ပြီး မိန်းကလေးကို ကယ်တင်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒီအကြောင်း လူမှုကွန်ရက်မှာ ပြန့်သွားပြီးတဲ့နောက် သတင်းထောက်တွေက ဆက်သွယ်မေးမြန်းရာမှာ ဒီဖြစ်ရပ်ဟာ ဒီနေ့မနက်က နောင်ဘိုလမ်းဖူးခရိုင် နာ့က်လန်မြို့ ဆန်ဆိုင်းဥဒုမ်းကျေးရွာမှာ ဖြစ်ခဲ့ပြီး မိန်းကလေးကို ညှဉ်းပန်းနှိပ်စက်သူ လူရွယ်မှာ နိုင်းတက် ဆိုသူဖြစ်ပြီး ရဲတွေလာဖမ်းသွားပြီလို့ မိန်းကလေးရဲ့ ဆွေမျိုးက သတင်းထောက်တွေကို ပြောပါတယ်။ လူရွယ်က သူတို့လင်မယား စကားများပြီး မိန်းမက သူ့ကို အရင်လုပ်လို့ သူက ခုလိုပြန်လုပ်တာဖြစ်ကြောင်း၊ အွန်လိုင်းမှာ ပြောနေသလို ၄ ရက်ကြာ သစ်ပင်မှာချည်ထားတာ မဟုတ်ဘဲ ၄ နာရီကြာသာ ချည်ထားကြောင်း တာဝန်ကျရဲကို ပြောခဲ့ပါတယ်။ ရဲစခန်းက သူ့ကို တပါးသူအား နှိပ်စက်ညှဉ်းပန်းမှုနဲ့ အရေးယူသွားမှာဖြစ်ပြီး သူ့လုပ်ရပ်တွေကိုလည်း အစအဆုံး သရုပ်ပြ ပြန်လုပ်ခိုင်းမယ်လို့ TNEWS သတင်းမှာ ဖော်ပြပါတယ်။
2 years Ago

May 2, 2019

အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် ကာကွယ်နိုင်ရေး ပြင်ဆင်ထားသည့် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် ပြသ

ဖေ့စ်ဘွတ်ခ်ကော်ပိုရေးရှင်းဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်တဲ့ ကြိုးပမ်းမှုအဖြစ် ပြင်ဆင်ထားတဲ့ လူမှုကွန်ရက်ကို ဧပြီ ၃၀ ရက်နေ့က ပွဲထုတ်ပြသခဲ့ပါတယ်။ ၈၇ သန်းသော သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ်ဟာ မနှစ်တုန်းက F8 ပွဲမှာ ပြသခဲ့တဲ့ ကုန်ပစ္စည်းတချို့ ဖြန့်ချိတာကို အချိန်ဆွဲခဲ့ပါတယ်။ ဧပြီ ၃၀ မှာ စီအီးအို ဇူကာဘတ်က News Feed ကို အဓိကမထားတဲ့ လူမှုကွန်ရက်စာမျက်နှာ ဒီဇိုင်းသစ်ကို ပွဲထုတ်ပြသခဲ့ပါတယ်။ အဲဒီနောက် မက်ဆေ့ခ်ျ အပလီကေးရှင်း၊ အွန်လိုင်းဈေးဝယ်ဌာနနဲ့ video-on-demand ဆိုက်တွေကို ပြသခဲ့ပါတယ်။ ဇူကာဘတ်က “အသုံးပြုတဲ့ အုပ်စုတွေကြားမှာ လုံခြုံမှုကို အလေးထားပါတယ်။ အဲဒီ အုပ်စုတွေကို လူတွေလာဖို့ ထောက်ခံပြောဆိုနေချိန်မှာပဲ အဲဒီ ထောက်ခံချက်တွေဟာ သတင်းမှားတွေနဲ့ အန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရာတွေ ထပ်တလဲလဲ ဖြန့်ချိနေတဲ့ အုပ်စုတွေကို highlight မလုပ်မိစေဖို့ အလေးထားသွားမှာဖြစ်တယ်” လို့ ပြောပါတယ်။ အခုအခါ ဖေ့စ်ဘွတ်ခ်ဟာ မက်ဆင်ဂျာ အပလီကေးရှင်းကို အရွယ်ပိုငယ်ပြီး ပိုမြန်ဆန်စေဖို့ "LightSpeed" ကို ဖန်တီးနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
More News
Up