လူမှုကယ်ဆယ်ရေးကား

August 4, 2020

လက်ပံတန်းမြို့နယ်၌ လူမှုကယ်ဆယ်ရေးကားဖြင့်တိုက်မိပြီး အမျိုးသမီးကြီး ၁ ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ  သြဂုတ် ၃ ရက်က လူမှုကယ်ဆယ်ရေးကားတစ်စီးနဲ့ တိုက်မိတာကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးကြီး  တစ်ဦး သေဆုံးသွားပါတယ်။  ရန်ကုန်-ပြည်လမ်း ကျွန်းကလေးတာဆုံအနီး ကြို့ချောင်းရွာထိပ်မှာ မနေ့ညနေ ၄ နာရီကျော်လောက်က  ရန်ကုန်ကနေ နတ်တလင်းဘက်ကို မောင်းနှင်လာတဲ့ ရန်ကုန်တိုင်း လှိုင်မြို့နယ်က "ရှားသူ" လူမှုကူညီရေးအသင်းပိုင် ကားတစ်စီးက လမ်းဖြတ်ကူးတဲ့ အသက် ၆၀ အရွယ်အမျိုးသမီး တစ်ယောက်ကို တိုက်မိတာကြောင့် သေဆုံးသွားခဲ့တာလို့ ကျွန်းကလေးနယ်မြေရဲကင်းမှူး ဒုရဲအုပ်အောင်ခိုင်အေးက ပြောပါတယ်။ "ရန်ကုန်ကနေ နတ်တလင်းကို Dead Body သယ်ဆောင်လာတဲ့ "ရှားသူ" လူမှုကူညီရေး အသင်းကကား နှစ်စီးမှာ တစ်စီးက Dead Body သယ်ဆောင်လာပြီး၊ ဒီတိုက်တဲ့ တစ်စီးမှာတော့ Dead Body သေဆုံးသူရဲ့ မိသားစုတွေ စီးလာတဲ့ ကားဖြစ်ပါတယ်၊ ကြို့ချောင်း​ရွာထိပ်မှာ ကားလမ်းကို ဖြတ်ကူးတဲ့ အသက် ၆၀ လောက် အဒေါ်ကြီးကို တိုက်မိတာ ဆေးရုံရောက်တော့ သေဆုံးသွားပါတယ်" လို့ ပြောပါတယ်။ ရှားသူ လူမှုကူညီရေးကားက ယာဉ်မောင်း ညီဉာဏ်လင်း (၁၉)နှစ် ကို ကျွန်းကလေးနယ်မြေရဲကင်းမှူး ဒုရဲအုပ်အောင်ခိုင်အေးက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)နဲ့ ဆက်လက်အရေးယူဖို့  ဆောင်ရွက်နေပါတယ်၊။ သတင်း - ဝဏ္ဏထွန်း
1 year Ago
Up