လူမျိုးရေး ခွဲခြားခံရမှု

February 19, 2020

လူမျိုးရေး ခွဲခြားခံရမှုကြောင့် ကွင်းပြင်ထွက်သွားခဲ့သည့် ပေါ်တို တိုက်စစ်မှူး

ဘောလုံးပွဲ ယှဉ်ပြိုင်ကစားနေချိန်အတွင်း လူမျိုးရေး ခွဲခြားခံခဲ့ရတာကြောင့် ပေါ်တိုတိုက်စစ်မှူး မူဆာမာရီဂါဟာ ကွင်းထဲကနေ ထွက်ခွာသွားပါတယ်။ အသက် ၂၈ နှစ်အရွယ် မာရီဂါဟာ ပေါ်တိုအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိစေမယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ၉ မိနစ်အကြာ ပွဲချိန် ၆၉ မိနစ်မှာ ကွင်းထဲကနေ ထွက်ခွာသွားတာပါ။ ထွက်ခွာသွားချိန်မှာ သူဟာ ပရိသတ်တွေဘက်ကို လက်မကို အောက်စိုက်ပြခြင်း၊ လက်ခလယ် ထောင်ပြခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ကွင်းထဲက ထွက်ခွာသွားတဲ့ မာရီဂါကို အသင်းဖော်တွေနဲ့ ပြိုင်ဘက် ကစားသမားတွေက ဖျောင်းဖျတားမြစ်ဖို့ ကြိုးစားခဲ့ပေမယ့် တိုက်စစ်မှူးက လက်မခံခဲ့တာကြောင့် လူစားလဲခဲ့ရပါတယ်။  ပွဲအပြီး အင်စတာဂရမ်ပို့စ်တခုမှာ မာရီဂါက ကွင်းထဲမှာ လူမျိုးရေး ခွဲခြားတဲ့ စကားလုံးတွေကို အော်ဟစ်ခဲ့တဲ့ ပြိုင်ဘက် အိမ်ရှင်ပရိသတ်တွေဟာ “ငတုံး” တွေသာ ဖြစ်တယ်လို့လည်း ရေးသား ပေါက်ကွဲခဲ့ပါတယ်။  ပေါ်တိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဗစ်တိုးရီးယား ဂိုင်မာရက်စ်အသင်း ပရိသတ်တွေက မာရီဂါကို လူမျိုးရေး ခွဲခြားခဲ့တာဖြစ်ပြီး ပေါ်တိုအသင်းနည်းပြကတော့ မာရီဂါရဲ့ အပြုအမူကို ထောက်ခံ ပြောဆိုသွားပါတယ်။  “နိုင်ငံချင်း ကွဲပြားပါစေ၊ အသားအရောင်ချင်း ကွဲပြားပါစေ၊ ဆံပင်အရောင်ချင်း ကွဲပြားပါစေ။ ကျနော်တို့ဟာ မိသားစုဝင်တွေပါပဲ။ ကျနော်တို့ဟာ လူသားတွေ ဖြစ်ပြီးတော့ ကျနော်တို့ဟာ လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ ဒီနေ့ ဖြစ်ခဲ့တဲ့အရာတွေကတော့ တကယ်ကို ဆိုးရွားပါတယ်။ ဖြစ်ခဲ့တဲ့အရာအတွက် ကျနော်တို့ဘက်က လုံးဝစိတ်ပျက်မိပါတယ်။ ဗစ်တိုးရီးယား ပရိသတ်တွေရဲ့ အားကစားအပေါ် ချစ်စိတ်ကို သိရှိထားပြီးတော့ အိမ်ရှင် ပရိသတ်အများစုက မူဆာမာရီဂါကို သွေးပူလေ့ကျင့်ခန်း လုပ်ချိန်ကတည်းက အော်ဟစ် လှောင်ပြောင်ခဲ့သူတွေလို မဟုတ်ဘူးလို့ ထင်ပါတယ်။ တကယ့်အခြေအနေအမှန်ကို မသိရသေးခင်မှာ ဘာမှ မပြောလိုသေးပေမယ့် ကစားသမားတယောက်အနေနဲ့ ကွင်းထဲမှာ ရန်စ စော်ကားခံရတယ်ဆိုရင် သူ့အနေနဲ့ ကွင်းထဲကနေ ထွက်သွားတာဟာ ပိုကောင်းပါတယ်” လို့ ပေါ်တို နည်းပြ ဆာဂျီယိုကွန်ဆီကာအိုက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ပေါ်တူဂီအသင်းဟာလည်း ဒါဟာ ဘောလုံးလောကမှာ မရှိသင့်တော့တဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်လို့ ရေးသားခဲ့ပါတယ်။  ကွင်းထဲကနေ မာရီဂါ ထွက်ခွာသွားချိန်မှာ သူ့အသင်းဖော်တွေ ဖြစ်တဲ့ အဲလက်တဲလက်စ်၊ ဆာဂျီယိုအိုလီဗီရာနဲ့ အိုင်ဗန်မာကာနိုတို့က ကစားသမားကို ပွေ့ဖက် နှစ်သိမ့်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး မာရီဂါက အားလုံးကို တွန်းဖယ်ကာ ဥမင်ထဲကို တန်းတန်းမတ်မတ် ဝင်ရောက်သွားပါတယ်။ မာရီဂါဟာ ဗစ်တိုးရီးယားအသင်းကို ၂၀၁၆-၁၇ ဘောလုံးရာသီမှာ အငှားနဲ့ သွားကစားခဲ့ဖူးပြီး ၂၅ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။  ဒီဖြစ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။
1 year Ago
Up