လူများစွာကို

A d v e r t i s e m e n t With Us

December 22, 2019

လူများစွာကို ကျန်းမာခြင်းပေးတဲ့ အဘိုးအိုရဲ့ လက်တစုံ

ဖုစောအဲကယ် များသောအားဖြင့် အဖုလို့ပဲ ခေါ်တဲ့ အဘိုးအိုတယောက် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်က  သံလွင်မြစ်ဘေးနားမှာ တဲအိမ်လေးထိုးပြီး နေထိုင်ပါတယ်။ သူ့ကို ဖားဆောင်မြို့နယ်က ကျေးရွာတွေအပြင် ကရင်ပြည်နယ်နဲ့ တခြား ကရင်ကျေးရွာတွေက သူ့ကို တော်တော်များများသိပြီး ကျန်းမာရေးပိုင်းမှာလည်း အားကိုးနေကြပါတယ်။ သူ့မှာ ကိုယ်ပိုင်ဆေးခန်း ဟူသည် မရှိ၊ လက်ရှိဆရာဝန်ဘွဲ့တွေ လူတွေ အထင်ကြီးလောက်တဲ့ ဘွဲ့နာမ တခုမျှတော့ ရရှိထားတာ မရှိပါဘူး။ ဒါပေမဲ့ ကျန်းမာရေးနဲ့ပတ်သက်လာရင် အထူးသဖြင့် ခြေကျိုး၊ လက်ကျိုး အရိုးအဆစ်တွေနဲ့ ပတ်သက်လာရင် အနီးနားပတ်ဝန်းကျင်က ကျေးရွာတွေကအပြင် ရပ်ဝေးမှာ နေထိုင်တဲ့သူတွေကလည်း သူ့ဆီကို အားကိုးတကြီးနဲ့ ရောက်လာလေ့ရှိကြပါတယ်။ သူ့မှာ လက်ရှိဆရာဝန်တွေ အသုံးပြုတဲ့ ဆေးဝါးပစ္စည်းတွေ မရှိသလို ဆေးရုံ ပရိဘောဂ ဆိုတာလည်း မရှိပါဘူး။ ဒါပေမဲ့ သူ့ဆီမှာရှိနေတဲ့ ပညာက သူ့လက်တစုံနဲ့ သဘာဝသစ်ပင်၊ သစ်မြစ်တွေပဲ ဖြစ်ပါတယ်။ သူဟာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ကျေးရွာတရွာမှာ မွေးဖွားခဲ့တာဖြစ်ပြီး တိုင်းပြည်ရဲ့ပဋိပက္ခ စစ်မီးတွေကြားထဲကနေ ကြီးပြင်းလာသူ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက သဘာဝသစ်ဖု သစ်မြစ်တွေနဲ့ ကြီးပြင်းလာခဲ့သူမို့ သူ အိမ်ထောင်စပြုချိန်ကတည်းက လူတွေကို သဘာဝတိုင်းရင်းဆေးနဲ့ ကုသပေးခဲ့တာလို့ ပြောပြပါတယ်။ နေထိုင်တဲ့ဒေသက မတည်ငြိမ်တဲ့အတွက်လည်း စစ်ဘေးကြောင့်  ထိခိုက်ဒဏ်ရာရသူပေါင်း များစွာကိုလည်း ကုသပေးခဲ့ရတယ်လို့ သူက စကားစမြည်ပြောရင်း ပြန်ပြောင်းပြောပြပါတယ်။ သူ့ဆီ ဆေးလာကုသတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တယောက်က “အဖုက သူငယ်ငယ် သွားလာနိုင်တဲ့ အချိန်တုန်းကဆိုရင် ဒဏ်ရာရတဲ့ တပ်သားတွေကို လိုက်လံကုသပေးလို့ ပျောက်တာတွေ အများကြီး ရှိတယ်”လို့ ပြောတယ်။ အခု အဖု စောအဲကယ်ဟာ ဆိုရင် အသက် ၇၀ ကျော်ရှိနေပါပြီ။ သူ နေထိုင်တဲ့နေရာဆိုလို့ တဲလေးတလုံးသာ ရှိတဲ့ အိမ်လေးနဲ့ သူ့ဆီ လူနာတွေ လာရင် နေဖို့ ဇရပ်လေးတွေ ဆောက်ထားပေးတာကလွဲလို့ တခြား ပကာသန မရှိပါဘူး။ ဝတ်ဖို့ အဝတ်အစားတောင် ကောင်းကောင်းမဝတ် လူနာတွေ အများကြီးလာပြီဆိုရင် သူ အိပ်တဲ့နေရာကိုပါ ဖယ်ပြီး သူကိုယ်တိုင် မီးဖိုပြီး မြေကြီးပေါ်မှာ အိပ်စက်နေတဲ့ ညတွေလည်း မနည်းတော့ပါဘူး။ တရက် တရက် အနည်းဆုံး သူ့ဆီကို လူနာ လေး ငါး ခြောက်ယောက်ကတော့ ဆေးလာကုသစမြဲပါ။ သူ့ဆီကို ကလေး နေမကောင်းလို့ လာတာ၊ ခြေကျိုး လက်ကျိုးလို့ သူ့ဆီ လာကုတဲ့ လူနာတွေအပြင် အမျိုးသမီး ဓမ္မတာမမှန်တာ၊ ယားယံလို့ ဖုထစ်နေတဲ့လူတွေကအစ သူ့ဆီကို လာရောက် ကုသနေကြပါတယ်။ အဖုဆီ လာသမျှလူတွေက ရောဂါပျောက်လားလို့ မေးရင် သူက “သူတို့လာပြီး ပြန်သွားတယ်၊ သူ့တို့ကို ရက်ချိန်းပေးပြီး ပြန်လာဖို့ ပြောတယ်။ ဒါပေမဲ့ ရောဂါပျောက်တဲ့သူတွေက ပြန်ပေါ်မလာတော့ဘူး။ မပျောက်တဲ့သူတွေကတော့ ပျောက်တဲ့အထိ ပြန်ပြန်လာကြတာပေါ့”လို့ ကရင်လို ပြောပြပါတယ်။ အဖုဟာ ဗမာစကားကိုလည်း မတတ်ပါဘူး။ ဒါပေမဲ့ သူ့ကို အားကိုးတဲ့ ကရင်စကား နားမလည်တဲ့ တခြား တိုင်းရင်းသားတွေနဲ့ ဗမာလူမျိုးတွေလည်း လာရောက်ကုသကြပါတယ်။ ဒီလို ကရင်လို နားမလည်တဲ့သူတွေ တွေ့တဲ့အခါမှာတော့ ဗမာစကား နားလည် ဘာသာပြန်ပေးတဲ့လူကို အကူအညီတောင်းပြီးတော့လည်း ဆေးကုသပေးရပါတယ်။ များသောအားဖြင့် သူ အသုံးပြုတဲ့ တိုင်းရင်းဆေးဝါးကတော့ သံပရာသီး၊ နနွင်းတက်၊ ချင်းတက်၊ အုန်းဆီ၊ ကင်မွန်းသီး၊  အရက်ဦးရည် အစရှိတဲ့ သဘာဝဆေးပင်တွေကို အသုံးပြုတာတွေကို တွေ့ရပါတယ်။ လက်ရှိမှာလည်း ထိုင်းနယ်စပ် ဒုက္ခသည်စခန်းက လူနာတယောက်ကို သူ့ရဲ့ သဘာဝဆေးတွေနဲ့ ကုသပေးနေပါတယ်။ အဆိုပါလူနာဟာ အောက်တပိုင်းသေနေသလို ဖြစ်ပြီး ဆီးမသွားနိုင်၊ ဝမ်းမသွားနိုင်ပါဘူး။ ဒုက္ခသည်စခန်း ဆေးရုံကနေတဆင့် ထိုင်းနိုင်ငံ မဲဆောက်နဲ့ ချင်းမိုင်က ဆေးရုံတွေအထိ ပို့ဆောင်ကုသခဲ့ပေမယ့် မသက်သာဘဲ ဆရာဝန်က လက်လျှော့ထားတဲ့ လူနာတယောက်ပါ။ အဖုက သူ့ကို ကုသပေးလို့ ဒီမှာ လာကုသနေတဲ့ နှစ်ပတ်လောက်အတွင်း သက်သာလာပြီး အခုဆိုရင် နေရပ်ပြန်သွားနိုင်ပါပြီ။ ဒီလိုအလားတူပဲ နံရိုးတွေကျိုးလို့ ရောက်ရှိလာတဲ့ ကယန်း တိုင်းရင်းသားတယောက်ကလည်း “ကျနော့် နံရိုး ၃ ချောင်း ကျိုးတာ အဖုက စည်းပေးထုတ်ပေးလို့ ၄ ရက်အတွင်းမှာပဲ အတော်ကို သက်သာသွားတယ်။ အခုကတော့ အတော်လေး ပုံမှန်အနေအထား ရှိနေပါပြီ” လို့ ပြောပြပါတယ်။ အမှန်တော့ သူ့ကို အဖုက ရောဂါသက်သာလို့ အိမ်ပြန်လွှတ်လိုက်ပြီ ဖြစ်ပေမယ့် သူကိုယ်တိုင်က စောင့်ကြည့်ချင်တဲ့အတွက် ဆက်နေနေတာလို့လည်း အဖုက ပြောပြပါတယ်။ တကိုယ်လုံး ယားယံလို့ ရောက်လာတဲ့ သူတယောက်ကလည်း “ကျနော် ယားတာ ၃ နှစ်ရှိပြီ။ ဆေးရုံ ဆေးခန်းတွေလည်း သွားပြတာ စုံနေပြီ။ မသက်သာလို့ အသိတယောက် လမ်းညွှန်ပေးလို့ ဒီကို ရောက်လာတာ” လို့ အားကိုးတကြီးနဲ့ ပြောပါတယ်။  သူ့လိုပဲ အဲဒီမှာ အိပ်စရာမလိုဘဲ အိမ်ပြန်လွှတ်လို့ရတဲ့ လူနာတွေကိုတော့ အဖုက ဆေးဖော်ပေး၊ ဆေးလမ်းညွှန်ပေးပြန်ရင်း ဘယ်လိုသောက်၊ ဘယ်လိုလိမ်း အစရှိတဲ့ လမ်းညွှန်ချက်တွေပေးပြီး ပြန်လွှတ်လိုက်ပါတယ်။ မော်ချီးဒေသက ကလေးငယ်ကို လာပြတဲ့ ကလေးမိဘ နှစ်ယောက်ကဆိုရင် “လွန်ခဲ့တဲ့ ၂ လလောက်က ကျနော့်သမီးကြီး နှာစေး ချောင်းဆိုးရာကနေ မျက်စိက သွေးလို နီရဲလာလို့ လွိုင်ကော်ဆေးရုံ သွားပြတာ။ ဆေးရုံက တောင်ကြီးအထိ သွားခိုင်းတာ။ လမ်းစရိတ်နဲ့ သွားလာဖို့ အဆင်မပြေလို့ နောက်ဆုံး အဖုဆီကို လာတယ်။ အဖု လမ်းညွှန်ပေးတဲ့ဆေး ထည့်လိုက်‌တော့ သမီးက သက်သာသွားပြီ” လို့ ပြောတယ်။ အခုနောက်ထပ် ရောက်လာရတာကတော့ သမီးအငယ်တယောက် အာခေါင်နာပြီး ဆေးသောက်လို့ မသက်သာတာကြောင့် ရောက်လာရတာ ဖြစ်ပြီး အခု အဖု ကုသပေးလို့ သက်သာလာပြီလို့ ပြောပြပါတယ်။  အဖုဆီမှာ ရက်ရှည်နေရတဲ့လူနာ ဆိုလို့ များသောအားဖြင့် ခြေကျိုး၊ လက်ကျိုး အရိုးအဆစ်နဲ့ ပတ်သက်တဲ့ လူနာတွေသာ ရှိနေတာ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်အရွယ် အဘွားတယောက် လှေကားပေါ်က ပြုတ်ကျလို့ လက်တဖက် ရစရာမရှိအောင် ကြေမွသွားပါတယ်။ အခု အဖုဆီမှာ ကုသမှု ခံယူနေပါတယ်။ အဖုက “ဒီလက် ဆေးရုံသွားရင်တော့ ဖြတ်ပစ်မှာ သေချာတယ်” လို့ ပြောပါတယ်။ သူ့ဆီ လက်ကျိုးလို့ ဆေးကုသမှု ခံယူနေတဲ့ အဘွားကလည်း သူ့လက် ပြန်လည်ကောင်းမွန်လာမယ်လို့ ယုံကြည်နေပါတယ်။ အဖုဟာ ငယ်စဉ်ကတည်းက စစ်ဘေးကြားမှာ နေထိုင်လာခဲ့ရပြီး နေရာဒေသတွေ တနေရာပြီး တနေရာ ရွှေ့ပြောင်းနေထိုင်နေခဲ့ရပါတယ်။ ရောက်ရှိတဲ့ နေရာတိုင်းမှာလည်း ကုသမှုတွေ ပေးခဲ့သလို သူ့ကို သိတဲ့လူတွေလည်း သူရှိတဲ့နေရာ ရှာပြီး ရောက်အောင် သွားရောက်ကုသလေ့ ရှိကြပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကစပြီး အဖုဟာ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ကို အခြေချလာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဖားဆောင်းမြို့နယ် ပဟီထာ ဆိုတဲ့ ကျေးရွာကနေဆင့် ပဟီထာရဲ့ တဖက်ကမ်း သံလွမ်မြစ်တဖက်ကမ်းမှာ တောင်ယာလုပ်ကိုင်ရင်း လူတွေကိုလည်း ကုသပေးနေတာ ဖြစ်ပါတယ်။ သူ့ရဲ ကျော်ကြားတဲ့ ဆေးကုသမှုကြောင့် ပဟီထာကျေးရွာမှာ အဖွဲ့အစည်းတခုက သူ့အတွက် ဆေးခန်းတခု တည်ဆောက်ပေးထားပေမယ့် သူ့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် တောင်ယာ လုပ်ကိုင်တဲ့ သံလွင်တဖက်ကမ်းမှာပဲ သွားရောက်နေထိုင်တာ ဖြစ်ပါတယ်။ သူ ရောက်တဲ့နေရာကို လူနာတွေလည်း လိုက်ပြီး ကုသမှု ခံယူနေကြပါတယ်။ ဆေးကုသတာပဲ၊ ဘာကြောင့် တောင်ယာ လုပ်စားနေသေးလဲလို့ လူတွေကတော့ မေးစရာတွေ ရှိနေမှာပါ။ တကယ်တော့ အဖုဟာ  လူတွေ ကျန်းမာဖို့ ကုသမှုတွေ ပေးနေပေမယ့် ဘယ်သူ့ဆီကမှ ငွေကြေး တောင်းခံတာမျိုး မရှိပါဘူး။ ကုသမှု ခံယူသူတွေပဲ သူ့စေတနာအလျောက် ပေးကမ်းကြပါတယ်။ သူ့ဆီလာသူအများစုဟာ ငွေကြေးမတတ်နိုင်တဲ့ တောသူတောင်သားတွေ ဖြစ်တာကြောင့်လည်း အဖုဟာ ဘဝရုန်းကန်ဖို့အတွက် သားသမီးတွေနဲ့အတူ တောင်ယာနဲ့ တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းတွေကို လုပ်ငန်းတွေကို လုပ်ကိုင်နေရတာပါ။ လူနာအတော်များများ ငွေကြေးမတတ်နိုင်လို့ မပေးနိုင်သော်လည်း အဖုက ဗွေမယူတတ်ပါဘူး။ ဒါ့အပြင် သူ့ကို သံလွင်တဖက်ကမ်းကနေ သူ့ဆီကို လာရတဲ့လူနာတွေအတွက် စက်လှေတစီးသတ်သတ် စီစဉ်ပေးထားပြီး အခကြေးငွေ ကောက်ခံတာလည်း မလုပ်ပါဘူး။ အနည်းအကျဉ်း တတ်နိုင်သူတွေကတော့ ဆီဖိုး ထည့်ပေးတာကလွဲရင် ဘာမျှ တောင်းခံတာမျိုး မရှိပါဘူး။ တကယ်တော့ အဖု စောအဲကယ်ဟာ အသက်အားဖြင့် ၇၀ ကျော်ရှိနေပါပြီ။ ကိုယ်တိုင်ကလည်း ပြည်တွင်းစစ်ရဲ့ မငြိမ်မသက်မှုကြားက မိုင်းနင်းမိပြီး ခြေတဖက် ဆုံးရှုံးခဲ့ရပြီး အခုတော့ ခြေတုဟောင်းလေးနဲ့ သွားလာလှုပ်ရှားနေသူပါ။  ပညာအရည်အချင်း အတန်းအားဖြင့်ကြည့်ရင် အတန်းဆိုတာလည်း မရှိ၊ ဘွဲ့ဆိုတာကိုလည်း နားမလည်ပေမယ့် သူ တတ်တဲ့ တိုင်းရင်းဆေးပညာနဲ့ လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နေသူ ဖြစ်သလို ရောဂါမျိုးစုံကိုလည်း ကုသပေးနေတဲ့ ကျန်းမာခြင်းကိုပေးနေတဲ့ လက်တစုံ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ နိုင်ငံတော်အစိုးရအနေနဲ့ မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်အတန်း မြှင့်တင်ရေးနဲ့ တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်လွှမ်းခြုံပေးနိုင်ရေးကို အမျိုးသားကျန်းမာရေးဆိုင်ရာ မူဝါဒတရပ်ဖြစ် ထည့်သွင်း ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်က အထူးအားပေး ဆောင်ရွက်ရာ ၂၀၁၉ ခု ဇန်နဝါရီ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ တိုင်းရင်းဆေးမှတ်တိုင်များ စာအုပ်ကိုလည်း ၂၀၁၉ ခု ဩဂုတ်လမှာ ထုတ်ဝေခဲ့ပါတယ်။ နေပြည်တော် ရန်ကုန် အပါအဝင် ပြည်နယ်နဲ့ တိုင်းတွေမှာလည်း အစိုးရကနေပြီး တိုင်းရင်းဆေးရုံတွေ၊ ဆေးခန်းတွေ ဖွင့်လှစ်ကုသပေးနေတာတွေ ရှိနေပါတယ်။ အစိုးရဘက်က ဒီလို တိုင်းရင်းဆေးရုံတွေ တိုးချဲ့ကုသပေးမှုတွေ ရှိနေပေမယ့် အဖု စောအဲကယ်အတွက် ဒီဌာနတွေနဲ့ ရင်းနှီးကျွမ်းဝင်နိုင်ခြင်း မရှိသလို သူ တတ်တဲ့ပညာနဲ့ သူ နေထိုင်တဲ့ လူ့အဖွဲ့အစည်း ကျေးရွာတွေနဲ့ သူ့ကို သိတဲ့သူကသာ သူ့ဆီ အားကိုးနေရမြဲ ဖြစ်နေပါတယ်။ “အခု ငါ အသက်ကြီးပြီ၊ တခါတလေ မလုပ်နိုင်တော့ဘူး။ မလုပ်ချင်တော့ဘူး။ လူတွေကလည်း အားကိုးတကြီးနဲ့ လာတယ်ဆိုတော့ မငြင်းရက်ဘူး။ လုပ်ရတာပဲ” လို့  အဖု စောအဲကယ်က ပြောပါတယ်။  သူ့ဆီကို အားကိုးတကြီးနဲ့ အနယ်နယ်အရပ်ရပ်ကနေ ရောက်ရှိလာကြတဲ့ ဝေဒနာသည်တွေကို အဖုတယောက်ကတော့ ချစ်ခြင်းမေတ္တာလက်တစုံနဲ့  သူအသက်ရှင်သန်နေထိုင် နေသမျှ ကာလပတ်လုံး ကူညီစောင့်ရှောက်ပေးနေမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။
1 year Ago
Up