လူမျိုးရေးခွဲခြားမှု

March 26, 2019

မွန်တီနီဂရိုးနှင့် ကစားခဲ့သည့် အင်္ဂလန်အသင်းမှ လူမည်းကစားသမားများ လူမျိုးရေးခွဲခြားခံရ

အင်္ဂလန်အသင်းက မွန်တီနီဂရိုးအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက လူမည်းကစားသမားတွေကို အိမ်ရှင် မွန်တီနီဂရိုး ပရိသတ်တွေက လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အိမ်ရှင်ပရိသတ်တွေဟာ အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ စတာလင်၊ ဒန်နီရို့စ်နဲ့ ဟတ်ဆန်အိုဒွိုင်းတို့ကို အဓိကပစ်မှတ်ထား လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။ စတာလင်ကတော့ လူမျိုးရေးခွဲခြားခံရမှုတွေ ဆက်ပြီး လုပ်ဆောင်နေတာဟာ ရှက်စရာကိစ္စတခု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အင်္ဂလန် လူငယ်တိုက်စစ်မှူး အိုဒွိုင်းကတော့ မွန်တီနီဂရိုး ပရိသတ်တွေရဲ့ မျောက်ကနေ ဆင်းသက်လာတယ်ဆိုပြီး လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်သံတွေကို သူနဲ့ ဒန်နီရို့စ်တို့ ရှင်းရှင်းလင်းလင်း ကြားခဲ့ရပြီး ယူအီးအက်ဖ်အေနေနဲ့ အရေးယူဖို့ ကိုင်တွယ်သွားသင့်တယ်လို့ ပြောကြားသွားပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း ပွဲပြီးခါနီး ဒန်နီရို့စ် အဝါကတ် ပြသခံရတဲ့အချိန်မှာ သူ့ကို လူမျိုးရေးခွဲခြားတဲ့ စကားသံတွေနဲ့ အော်ဟစ်ခဲ့ကြတာကို တွေ့မြင်ခဲ့ရပြီး လက်မခံနိုင်စရာ ကိစ္စ ဖြစ်တယ်လို့ ပြောပါတယ်။ အင်္ဂလန်အသင်းကတော့ အသင်းက လူမည်းကစားသမားတွေကို လှောင်ပြောင်မှုတွေ ပြုလုပ်ပြီး လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ယူအီးအက်ဖ်အေကို တိုင်ကြားထားတယ်လို့ သိရပါတယ်။ အဲဒီပွဲစဉ်မှာ အင်္ဂလန်အသင်းက ပွဲချိန် ၁၇ မိနစ်မှာပဲ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် မိုက်ကယ်ကီးန် တဂိုး၊ ဘာကလေ နှစ်ဂိုး၊ ဟယ်ရီကိန်းနဲ့ စတာလင်တို့က တဂိုးစီသွင်းပြီး ၅ ဂိုး ၁ ဂိုးနဲ့ မွန်တီနီဂရိုးကို အနိုင်ရခဲ့ပါတယ်။
2 years Ago

May 2, 2017

လူမျိုးရေးခွဲခြားမှုကို တုံ့ပြန်ခဲ့သည့် ဘောလုံးသမားကို ကုလ ကော်မရှင်နာမင်းကြီး ချီးကျူး

လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံကို တုံ့ပြန်ခဲ့တဲ့ ဘောလုံးသမားရဲ့လုပ်ရပ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ချီးကျူးလိုက်ပါတယ်။ အီတလီစီးရီးအေကလပ် ပက်စ်ကာရာဘောလုံးအသင်းရဲ့ ကွင်းလယ်လူ ဂါနာနိုင်ငံသား ဆူလေး မန်တာရီကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဇေ့ဒ် ဒရာဒယ် ဟူစိန်က ပြီးခဲ့တဲ့ မေ ၁ ရက်နေ့က ချီးကျူးလိုက်တာပါ။ ဧပြီ ၃၀ ရက်နေ့က စီးရီးအေပွဲစဉ်အဖြစ် ကက်လီယာရီမြို့မှာ ကက်လီယာရီအသင်းနဲ့ မန်တာရီရဲ့ ပက်စ်ကာရာအသင်း ယှဉ်ပြိုင်စဉ် ပွဲစကတည်းက သူ့အပေါ် လူမျိုးရေး စော်ကားမှုတွေ လုပ်ခဲ့တဲ့ လူအုပ်စုတချို့ကို မကျေနပ်ကြောင်း ပြောခဲ့ပြီးပြီလို့ မန်တာရီက ဆိုပါတယ်။ အဲဒီလို လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံတွေကို ဆန္ဒပြတဲ့အနေနဲ့ သူဟာ ကွင်းထဲက ထွက်သွားခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ဘောလုံးပွဲတွေအတွင်း လူမျိုးရေးခွဲခြားမှု ပြဿနာကို ပိုကြီးကြီး အာရုံစိုက်ဖို့လိုပြီလို့လည်း ဇေ့ဒ်က  ပြောပြီး သူ့ရုံးဟာ ဖီဖာနဲ့ ထိတွေ့ ပြောဆိုပြီးပြီလို့ ဆိုပါတယ်။ ဒိုင်လူကြီးက လူအုပ်ကို စကားပြောတာရပ်ဖို့ ပြောပြီး သူ့ကို အဝါကတ် ပြခဲ့တယ်လို့ မန်တာရီက ပြောပါတယ်။ ရပ်တည်ချက်အတွက်ဆိုရင် မန်တာရီဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ကျနော်တို့အားလုံးအတွက် လှုံ့ဆော်အားပေးသူပဲလို့ ဇေ့ဒ်က ဆက်ပြောပါတယ်။ အီတလီနဲ့ တခြားနိုင်ငံတွေဟာ ဘောလုံးပွဲအတွင်း လူမျိုးရေးခွဲခြားတဲ့ ကြွေးကြော်သံတွေကို ထိန်းချုပ်ဖို့ ရုန်းကန်ကြိုးစားနေရဆဲပါ။ ၂၀၁၃ ခုနှစ်ကလည်း ဘတ်စ်တို အာစီဇီယိုမြို့မှာ ချစ်ကြည်ရေးဘောလုံးပွဲအတွင်း အေစီမီလန်အသင်း ကွင်းလယ်လူ ဂါနာနိုင်ငံသားတဦးကို အိမ်ရှင် ဘောလုံးဝါသနာအိုးတွေက စော်ကားခဲ့လို့ တသင်းလုံး ဘောလုံးကွင်းထဲကနေ ထွက်သွားခဲ့ဖူးပါတယ်။ ဖီဖာကတော့ အာဂျင်တီးနား၊ မက္ကဆီကိုနဲ့ ဘရာဇီးအသင်းတွေကို အားပေးသူတွေရဲ့ ကြွေးကြော်သံတွေအတွက် ပြီးခဲ့တဲ့သီတင်းပတ်က အဲဒီအသင်း ၃ သင်းကို ဒဏ်ငွေရိုက်ခဲ့ပါတယ်။
4 years Ago
Up