လူမည်

A d v e r t i s e m e n t With Us

July 9, 2020

လူမည်းအားကစားသမားများအပေါ် ရဲတပ်ဖွဲ့လုပ်ရပ် လန်ဒန်ရဲမင်းကြီးတောင်းပန်

ဗြိတိန်ရဲတွေက လူမည်းအားကစားသမား ၂ ယောက်ကို ကားထဲကနေ ဆွဲထုတ်ခဲ့ပြီး လက်ထိတ်ခတ်ခဲ့တဲ့ ကိစ္စအတွက် လန်ဒန်မြို့တော် ရဲမင်းကြီး ခရက်စီဒါဒစ်ခ်က ဇူလိုင် ၈ ရက်မှာ တောင်းပန်လိုက်ပါတယ်။  ဗြိတိန်နဲ့ပေါ်တူဂီနိုင်ငံသား လူမည်း တာတိုအပြေးသမား ၂ ယောက် လေ့ကျင့်ရာက အိမ် အပြန် လန်ဒန်အနောက်ပိုင်း မိုင်ဒါဗေးလ်အရပ်မှာ ဇူလိုင် ၄ ရက်က ရဲက ဟန့်တားခဲ့တာပါ။  ဓနသဟာယ ရွှေတံဆိပ်ဆုရှင် ဝီလျံမ်စ်ကို ရဲက လက်ထိပ်ခတ်ခဲ့ပြီး သူတို့ရဲ့ သားလေးက ကားထဲမှာ ကျန်ခဲ့တဲ့ဖြစ်ရပ်ကို ရုပ်သံရိုက်ကူးနိုင်ခဲ့ပါတယ်။  ရဲက ကားထဲကနေ ဆွဲထုတ်ခံရတဲ့ အားကစားသမား ၂ ယောက်စလုံးရဲ့ နည်းပြ နဲ့ အိုလံပစ် ရွှေတံဆိပ်ဆုရှင် လင်ဖော့ဒ်ခရစ္စတီးက ရုပ်သံကို တွစ်တာလူမှုကွန်ရက်ပေါ်တင်ခဲ့ပြီး လန်ဒန် ရဲတပ်ဖွဲ့ဟာ လူမျိုးရေးခွဲခြားမှုကို အဖွဲ့လိုက် ကျူးလွန်နေတယ်လို့ စွပ်စွဲ ခဲ့ပါတယ်။  ရဲတပ်ဖွဲ့ရဲ့ လူမျိုးရေးခွဲခြားမှုအပေါ် တကမ္ဘာလုံးက ဆန့်ကျင်ဆန္ဒပြနေချိန်မှာ အလားတူ စွဲချက်ထပ်ပြီး ပေါ်ထွက်ခဲ့တာပါ။ အကြီးတန်းအရာရှိက စိတ်အနှောင့်အယှက်ဖြစ်ရသူ ဝီလျံကို တောင်းပန်ခဲ့ပြီးပြီ လက်ထိပ်ခတ်မှုအတွက် ပြန်သုံးသပ်နေတယ်လို့ ရဲမင်းကြီးက ဆက်ပြောပါတယ်။  ဝီလျံဆီကိုတော့ မှတ်ချက်တောင်းဖို့ ဆက်သွယ်လို့ မရသေးပါဘူး။  ကိုလိုနီကျွန်ပြုမှုနဲ့ ကျွန်ကုန်သွယ်ရေးလုပ်ငန်း ထွန်းကားဖူးရာ ဗြိတိန်မှာ လူမည်းရဲ့အသက်လည်း အရေးပါတယ်လို့ နာမည်ပေးထားတဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဖြစ်ပေါ်နေချိန်မှာ ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တာပါ။
8 months Ago

July 4, 2020

လူမည်းတဦးအား လည်ပင်းညှပ်ဖမ်းဆီးခဲ့ပုံ ပြန်လုပ်ပြလှောင်ပြောင်ခဲ့သည့် ရဲ ၃ ဦးကို ထုတ်ပယ်

လူမည်းတစ်ယောက်ကို  လည်ပင်းညှပ်ဖမ်းဆီးခဲ့ပုံကို ပြန်လုပ်ပြပြီး လှောင်ပြောင်ခဲ့တဲ့  ကော်လိုရာဒိုရဲဝန်ထမ်း ၃ ယောက်ကို အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ အမေရိကန် အာဏာပိုင်တွေက ဇူလိုင်  ၃ ရက်မှာ ပြောပါတယ်။  အီလီဂျာ-မက္ကလိန်းဆိုတဲ့ လက်နက်မဲ့ လူမည်းအမျိုးသားဟာ နောက်ပိုင်း သေဆုံးသွားခဲ့ပြီး ဒင်ဗာမြို့ ယာယီရဲတပ်ဖွဲ့ အကြီးးအကဲက ရဲဝန်ထမ်းတွေရဲ့ လုပ်ရပ်ဟာ  ပြစ်တင်ရှုတ်ချထိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။  ရာထူးက ထုတ်ပယ်ခံရတဲ့ ကော်လိုရာဒို ရဲဝန်ထမ်း  ၃ ယောက်ကတော့  ဂျေဆန် ရိုဆန်ဘလက်၊ အဲရစ်ကာ မာရယ်ရိုနဲ့  ကိုင်းဒစ်ထရစ်ချ် တို့ ဖြစ်ပြီး  ၄ ယောက် မြောက် ရဲဝန်ထမ်း  ဂျာရွန်ဂျုံးစ်ကတော့ ဇွန် ၃၀ ရက်မှာ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။  ဓာတ်ပုံထဲမှာ လူသေစေတဲ့ ဖမ်းဆီးမှုဖြစ်ရာ နေရာအနီး ဒစ်ထရစ်ချ်နဲ့ ဂျုံးစ်တို့က  လည်ပင်းညှပ်ဖမ်းဆီးနေပုံကို ပြန်လုပ်ပြခဲ့ပြီး အနီးမှာလည်း မာရယ်ရိုက ရယ်ကျဲကျဲ လုပ်နေခဲ့ပါတယ်။ အဲဒီဓါတ်ပုံတွေကို အမေရိကန် အာဏာပိုင်တွေက ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။   သေဆုံးခဲ့တဲ့ မက္ကလိန်းရဲ့ မိသားစု ရှေ့နေက ရဲဝန်ထမ်းတွေဟာ အပြစ်မရှိတဲ့ လူတစ်ယောက် သတ်ဖြတ်ရုံတင်မကဘဲ  အဲဒီဖြစ်ရပ်ကို ပြန်လုပ်ပြီး လှောင်ပြောင်ခဲ့တယ်လို့ ပြောဆိုပါတယ်။   ၂၀၁၉ သြဂုတ်လက အော်ရိုလာမြို့မှာ ရဲဝန်ထမ်းတွေရဲ့ ဖမ်းဆီးမှုအတွင်း လူမည်း အမျိုးသား မက္ကလိန်းက  “အသက်ရှူမရဘူး” ပြောဆိုခဲ့တာကိုလည်း  ရဲတပ်ဖွဲ့ထုတ်ပြန်တဲ့ အသံတိပ်ခွေမှာ ကြားရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
8 months Ago
Up