လူဖြူ၊ လူမည်း

February 5, 2021

ရိုစာပတ် (သို့မဟုတ်) မတရားမှုကို တစ်ကိုယ်တော်အာခံတဲ့ အမျိုးသမီး

၁၉၅၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်၊ ညနေ ၆ နာရီ။

အမေရိကန်ပြည်ထောင်စုတောင်ပိုင်းဒေသမှာ ရှိတဲ့ မောင်ဂိုမာရီမြို့က စတိုးဆိုင်ကြီးတစ်ခုမှာ အလုပ်လုပ်တဲ့ စက်ချုပ်သမတဦးဟာ အလုပ်ပြီးတဲ့အချိန် အိမ်ကို ပြန်ဖို့ ဘတ်စ်ကားပေါ် တက်လာခဲ့ပါတယ်။ သူဟာ လူမည်းတွေအတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံတစ်ခုံပေါ် ထိုင်ပြီး စီးလာခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မောင်ဂိုမာရီမြို့မှာ လူမည်းတွေအနေနဲ့ ဘတ်စ်ကားစီးမယ်ဆိုရင် လိုက်နာရမယ့် စည်းကမ်းတွေ ရှိပါတယ်။ လူဖြူတွေအတွက် သီးခြားသတ်မှတ်ထားတဲ့ ရှေ့ဆုံးတန်း ထိုင်ခုံတွေမှာ လူမည်းတွေ ထိုင်ခွင့် မရှိပါဘူး။ လူမည်းတွေအနေနဲ့ ဘတ်စ်ကားရဲ့ နောက်ဆုံးတန်း ထိုင်ခုံတွေမှာပဲ ထိုင်ခွင့်ရှိပါတယ်။ တကယ်လို့ လူဖြူတွေအတွက် ထိုင်ခုံတွေ နေရာပြည့်သွားချိန်မှာ လူဖြူတစ်ယောက် ကားပေါ်တက်လာခဲ့ရင် ထိုင်ခုံမှာ ထိုင်နေတဲ့ လူမည်းတွေက နေရာဖယ်ပေးရပါတယ်။ လူမည်းတွေဟာ ဘတ်စ်ကားစီးတဲ့အခါ ဒီစည်းကမ်းတွေကို လိုက်နာရပါတယ်။

စက်ချုပ်သမဟာ အဲဒီနေ့က ဘတ်စ်ကားစီးပြီး အိမ်ပြန်လာတဲ့အခါ လူဖြူတွေအတွက် နေရာဖယ်ပေးဖို့ အကြောင်းဖန်လာပါတယ်။ သူ့ဘေးမှာ ထိုင်လိုက်လာတဲ့ တခြားလူမည်း သုံးယောက်က နေရာဖယ်ပေးလိုက်ပေမဲ့ သူကတော့ နေရာမဖယ်ပေးဘဲ ဆက်ထိုင်နေပါတယ်။ ထိုင်ခုံနေရာ မဖယ်ပေးရင် ရဲခေါ်ပြီးဖမ်းခိုင်းမယ်လို့ ကားမောင်းသူက ခြိမ်းခြောက်တယ်။ ဒါပေမဲ့ စက်ချုပ်သမကတော့ ဖမ်းချင်ဖမ်းဆိုပြီး ထိုင်ရာက မထခဲ့ပါဘူး။ နောက်ဆုံးတော့ ကားမောင်းသူက စက်ချုပ်သမကို ရဲလက်ထဲ အပ်လိုက်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အကြီးကျယ်ဆုံး ဘတ်စ်ကား သပိတ်မှောက်ပွဲကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီသပိတ်မှောက်ပွဲကြီးကနေ ရလဒ်အဖြေတစ်ခု ထွက်ပေါ်လာခဲ့တယ်။ လူမည်းတွေလည်း လူဖြူများနဲ့ တန်းတူအခွင့်အရေး ရထိုက်တယ်ဆိုတဲ့ အဖြေပါ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ခေတ်သစ် နိုင်ငံသားအခွင့်အရေးရဲ့ အစဟာ မတရားတဲ့စည်းကမ်းဥပဒေကို လူမည်းစက်ချုပ်သမက တစ်ကိုယ်တော် အာခံပြလိုက်တဲ့ ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ ဖြစ်တယ်လို့ သမိုင်းဆရာ အများစုက သတ်မှတ်ထားပါတယ်။

ထိုနေ့က ဘတ်စ်ကားပေါ်မှာ လူဖြူတွေအတွက် ထိုင်ခုံနေရာ ဖယ်ပေးမယ့်အစား အဖမ်းခံပြလိုက်တဲ့ စက်ချုပ်သမကတော့ ရိုစာပတ် (Rosa Louise McCauley Parks)  အမည်ရှိ လူမည်းအမျိုးသမီး ဖြစ်ပါတယ်။ သူဟာ ၁၉၁၃ ခုနှစ်မှာ မွေးဖွားသူ ဖြစ်တဲ့အတွက် အကြမ်းမဖက် အာခံပြလိုက်တဲ့အချိန်မှာ ၄၂ နှစ်အရွယ်ရှိနေပါပြီ။

ရိုစာပတ်ကို ဖမ်းဆီးပြီးတဲ့နောက် လေးရက်အကြာမှာ ရုံးတင်စစ်ဆေးပါတယ်။ ရုံးတင် စစ်ဆေးတဲ့နေ့မတိုင်ခင် လူမည်းခေါင်းဆောင်များက ဒီမတရားတဲ့လုပ်ရပ်အပေါ် တုံ့ပြန်ဖို့ စည်းဝေးတိုင်ပင်ကြပါတယ်။ နောက်ဆုံးမှာ မောင်ဂိုမာရီမြို့အတွင်း ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေကို မစီးဘဲ သပိတ်မှောက်ဖို့ သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။ 

အဲဒီနောက်မှာတော့ လူမည်းတွေရဲ့ ဘုရားကျောင်းတွေမှာ ဘတ်စ်ကား သပိတ်မှောက်ပွဲအတွက် ဟောပြော စည်းရုံးကြပါတယ်။ ရိုစာပတ်ကို ရုံးတင်စစ်ဆေးတဲ့ရက်မှာ လူမည်းတွေအားလုံးကို သပိတ်မှောက်ဖို့ ဆော်သြတဲ့ စာရွက်ပေါင်း သုံးသောင်းခွဲကို ဝေခဲ့ပါတယ်။ အလုပ်သွားတဲ့အခါမှာ လမ်းလျှောက်ပြီး သွားချင်သွားကြပါ၊ ဒါမှမဟုတ် တက္ကစီကားကို စီးပြီး သွားချင်သွားကြပါ၊ ဒါပေမဲ့ ဘတ်စ်ကားကိုတော့ လုံးဝမစီးကြပါနဲ့လို့ တိုက်တွန်းထားတဲ့ စာရွက်တွေ ဖြစ်ပါတယ်။

လူလူချင်း ခွဲခြားဆက်ဆံတာကို နှစ်ပေါင်းများစွာကြာအောင် ခံစားနေခဲ့ရတဲ့ လူမည်းတွေဟာ ဒီသပိတ်ပွဲကြီးကို တက်ညီလက်ညီ ဆင်နွှဲခဲ့ကြပါတယ်။ မောင်ဂိုမာရီမြို့မှာ ဘတ်စ်ကားစီးသူ စုစုပေါင်းရဲ့ ၇၅ ရာနှုန်းက လူမည်းတွေ ဖြစ်တဲ့အတွက် ဘတ်စ်ကားလုပ်ငန်းပိုင်ရှင် လူဖြူများဟာ ဒီသပိတ်မှောက်ပွဲကြောင့် စီးပွားရေးအားဖြင့် အကြီးအကျယ် ထိခိုက်နစ်နာကြပါတယ်။ လူမည်းတွေဟာ ဘတ်စ်ကားစီးပြီး ဈေးသွားဝယ်ရတဲ့အလုပ်ကို မလုပ်တော့ဘဲ အနီးအနားက လူမည်းတွေပိုင်တဲ့ ဈေးဆိုင်များမှာသာ ဝယ်ယူကြတဲ့အတွက် မြို့တွင်းက ဈေးဆိုင်ပိုင်ရှင် လူဖြူတွေဟာလည်း တစ်နွယ်ငင်တစ်စင်ပါ နစ်နာကြပါတယ်။

တရားရုံးက ရိုစာပတ်ကို အမိန့်မနာခံဘဲ စည်းကမ်းဖောက်ဖျက်တယ်လို့ ဆုံးဖြတ်ပြီး ၁ဝ ဒေါ်လာ ဒဏ်တပ်ပါတယ်။ တရားရုံးစရိတ်က ၄ ဒေါ်လာဆိုတော့ စုစုပေါင်း ၁၄ ဒေါ်လာ ပေးဆောင်ခဲ့ရပါတယ်။ ဒါပေမဲ့ ရက်ပေါင်း ၃၈၁ ရက် ကြာရှည်တဲ့ ဘတ်စ်ကားမစီးရေး သပိတ်ကြောင့် လူဖြူလုပ်ငန်းရှင်တွေဟာ ဒေါ်လာ သန်းနဲ့ချီပြီး နစ်နာဆုံးရှုံးခဲ့ပါတယ်။  

မခံမရပ်နိုင်တဲ့ လူဖြူတချို့က လူမည်းတွေအပေါ် ခြိမ်းခြောက် ရန်စပါတယ်။ အကြမ်းဖက် တိုက်ခိုက်ပါတယ်။ ဘတ်စ်ကား သပိတ်မှောက်ပွဲကြီးကို ခေါင်းဆောင်တဲ့ မာတင်လူသာကင်းရဲ့ အိမ်ကို ဗုံးခွဲပါတယ်။ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကိုလည်း ဆက်တိုက်လုပ်လာပါတယ်။ သပိတ်မှောက်ပွဲ စလုပ်ကတည်းက အကြမ်းမဖက်တဲ့နည်းနဲ့ လုပ်မယ်လို့ မာတင်လူသာကင်းက ပြောခဲ့ပြီး လူမည်းများကလည်း သဘောတူ လိုက်နာခဲ့တာ ဖြစ်တဲ့အတွက် လူမည်းတွေဘက်က ရန်ကိုရန်ချင်း တုံ့နှင်းတာမျိုး အလွန်နည်းပါးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘတ်စ်ကားပေါ်မှာ လူဖြူ လူမည်း ခွဲခြားဆက်ဆံတာဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး ဒီစည်းကမ်းကို တရားရုံးချုပ်က ပယ်ဖျက်ပေးလိုက်ပါတယ်။

ခွဲခြားဆက်ဆံတဲ့ စည်းကမ်းကို ပယ်ဖျက်လိုက်ပြီး နောက်ရက်မှာ မာတင်လူသာကင်းနဲ့ ရိုစာပတ်တို့ဟာ တခြားခေါင်းဆောင် တချို့နဲ့အတူ ဘတ်စ်ကားစီးကြပါတယ်။ ရိုစာပတ်က အရင်တုန်းက လူဖြူတွေအတွက် သတ်မှတ်ထားတဲ့ ထိုင်ခုံတွေရဲ့ ရှေ့ဆုံးတန်းမှာ ထိုင်စီးခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ဘတ်စ်ကားပေါ်က လူဖြူ လူမည်း ခွဲခြားဆက်ဆံမှုဟာ နိဂုံးချုပ်သွားခဲ့ပါတယ်။ 

ရိုစာပတ်ဟာ ငယ်စဉ်ကတည်းက လူဖြူ လူမည်း ခွဲခြားဆက်ဆံမှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသူပါ။ ရိုစာပတ် ငယ်စဉ်က သူ နေထိုင်တဲ့ အမေရိကန်ပြည်ထောင်စုတောင်ပိုင်းဒေသမှာ ကေသုံးလုံးဂိုဏ်း (Ku Klus Klan) က နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ လူမည်းတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ကေသုံးလုံးတွေရဲ့ သတင်းတွေကို ကြားနေကျ ဖြစ်ပါတယ်။  လူမည်းတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကိုလည်း မကြာခဏ ကြားနေခဲ့ရပါတယ်။  သူ့အဖေရဲ့ အိမ်ရှေ့ကို ကေသုံးလုံးဂိုဏ်းသားတွေ ရောက်လာတုန်းက အဖေက သေနတ်နဲ့ပစ်ပြီး ခြောက်လှန့် မောင်းထုတ်ခဲ့ရတဲ့ ဖြစ်ရပ်ကို ရိုစာပတ် ကောင်းကောင်းမှတ်မိပါတယ်။ ဒါကြောင့်လည်း ငယ်စဉ်က ဆိုရင် ရိုစာပတ်ဟာ အိပ်ရာဝင်တိုင်း စိုးတထိတ်ထိတ်နဲ့ အိပ်ခဲ့ရပြီး အမြဲတမ်း ကျီးလန့်စာစား ဖြစ်နေခဲ့ပါတယ်။

ဘတ်စ်ကား သပိတ်ပွဲမတိုင်မီကတည်းကပဲ ရိုစာပတ်ဟာ လူမည်းအခွင့်အရေးတိုက်ပွဲမှာ တတ်စွမ်းသမျှ ပါဝင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ လူမည်းဘဝတိုးတက်ရေးအဖွဲ့ထဲကို ဝင်ပြီး လူမည်းတွေရဲ့ မတရား အပြုခံရမှုတွေအတွက် လိုက်ပါဆောင်ရွက်ပေးပါတယ်။ ကျာပွတ်နဲ့ အရိုက်ခံရတာတွေ၊ ကြွေးတင်ရင် ကျွန်အဖြစ် အခိုင်းခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေ၊ မုဒိမ်းကျင့်ခံရတာတွေ စတဲ့ မတရားမှုတွေအတွက် ခံရသူတွေဘက်က ရပ်တည် ကူညီပေးခဲ့ပါတယ်။ ဒီလို အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့တဲ့ စိတ်ဓာတ်ကြောင့်ပဲ ဘတ်စ်ကားပေါ်မှာ လူဖြူတွေအတွက် နေရာမဖယ်ပေးဘဲ အာခံခဲ့တာပါ။

တချို့က ရိုစာပတ်ကို သာမန် စက်ချုပ်သမတယောက်အဖြစ်သာ သတ်မှတ်ခဲ့ပြီး ဘတ်စ်ကား ထိုင်ခုံကို ဖယ်မပေးခဲ့တာဟာ အလုပ်ကအပြန်မှာ ပင်ပန်းနေလို့သာ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါက ရိုစာပတ်ရဲ့ ကြီးမြတ်တဲ့စိတ်ဓာတ်ကို သေးသိမ်အောင် လုပ်ဖို့ ကြိုးပမ်းကြခြင်းပါပဲ။ တကယ်တော့ ရိုစာပတ်က ကားမောင်းသူကို ပြန်ပြောခဲ့တဲ့စကားထဲမှာ ရိုစာပတ်ရဲ့ စိတ်ဓာတ်ကို အထင်းသား မြင်ရပါတယ်။

“ဖယ်မပေးသင့်ဘူး ထင်လို့ ဖယ်မပေးတာဖြစ်တယ်၊ ဖမ်းချင်လည်း ဖမ်း” လို့ သူက ပြန်ပြောခဲ့တာပါ။

“မတရားပြုမူတာကို မခံချင်တော့ဘူး၊ ငွေပေးပြီးစီးရတဲ့ ဘတ်စ်ကားထိုင်ခုံကို ဘာကြောင့် ဖယ်ပေးရမှာလဲ၊ ဒီအချိန်မှာ ဖယ်ပေးဖို့ ငြင်းဆန်လိုက်တာကတော့ ကိုယ့်အပေါ် မတရားလုပ်တာကို လက်မခံတဲ့အကြောင်း ပြသလိုက်တာပါပဲ၊ မတရားလုပ်တာတွေကို ခံလာခဲ့ရတာ ကြာပြီ၊  ပိုအညံ့ခံလေလေ  အနိုင်ကျင့်လေလေ ဖြစ်မှာပဲ၊ မတရားလုပ်တာကို သည်းခံပြလေလေ၊ ဖိနှိပ်မှုက တိုးလာလေလေ ဖြစ်မှာပဲ” လို့  ရိုစာပတ်က သူ အာခံခဲ့တဲ့အကြောင်းနဲ့ပတ်သက်တဲ့ သူ့ခံယူချက်ကို ပြန်ပြောခဲ့ပါတယ်။

ဘတ်စ်ကားသပိတ်ပွဲကြီး ဆင်နွှဲနေချိန်မှာ ရိုစာပတ်တို့ ဇနီးမောင်နှံဟာ အလုပ်ပြုတ်ခဲ့ပါတယ်။ မောင်ဂိုမာရီမြို့မှာ အလုပ်မရတာကြောင့် အလုပ်ရှာဖို့ ဒက်ထရိုက်မြို့ကို ပြောင်းခဲ့ပါတယ်။ ဒက်ထရိုက်မှာ ၈ နှစ် ကြာအောင် ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတယ်။ ၁၉၆၇ ခုနှစ်ကို ရောက်မှ ကွန်ဂရက်လွှတ်တော်အမတ်တစ်ယောက်က လက်ထောက်စီမံခန့်ခွဲရေးမှူးအဖြစ် ငှားရမ်းခန့်အပ်လိုက်လို့ စီးပွားရေး ပြေလည်ခဲ့ပါတယ်။ ရိုစာပတ်ဟာ ဒီအလုပ်ကို ၁၉၈၇ ခုနှစ်အထိ လုပ်ပါတယ်။

၁၉၈၀ ပြည့်နှစ်များအတွင်းမှာတော့ ရိုစာပတ်ဟာ တောင်အာဖရိကနိုင်ငံမှာ ဖြစ်ပွားနေခဲ့တဲ့ လူမျိုးခွဲခြားရေးစနစ်ကို ဖျက်သိမ်းနိုင်ဖို့အတွက် အားပေးကူညီနေခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ နာမည်နဲ့ ကျောင်းတစ်ကျောင်း ဖွင့်လှစ်ပြီး လူမည်းအမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်ရေး အကြံပေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားအခွင့်အရေးရဲ့ မိခင်အဖြစ် အမည်ပေးခံရတဲ့ ရိုစာပတ်ကို သမ္မတ ကလင်တန်က ၁၉၉၆ ခုနှစ်မှာ သမ္မတ လွတ်လပ်ရေးဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုအစိုးရက ပေးတဲ့ ဘွဲ့ထူးတွေထဲမှာ အမြင့်ဆုံးဘွဲ့ထူး ဖြစ်ပါတယ်။ ရိုစာပတ်ဟာ ဒီလိုဘွဲ့ထူးမျိုးကို ရာနဲ့ချီပြီး ရရှိခဲ့ပါတယ်။

ရိုစာပတ်ဟာ ၂၀၀၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သေလွန်ချိန်မှာ အသက် ၉၂ နှစ် ရှိနေပါပြီ။ အောက်တိုဘာ ၂၇ ရက်မှာ သူ နေထိုင်တဲ့ ဒက်ထရိုက်မြို့နဲ့ အရင်နေထိုင်ခဲ့တဲ့ မောင်ဂိုမာရီမြို့က အာဏာပိုင်များဟာ ရိုစာပတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြို့တွင်းပြေးဆွဲတဲ့ ဘတ်စ်ကားတိုင်းရဲ့ ရှေ့ဆုံးခုံကို အလွတ်ထားပြီး အနက်ရောင်ဖဲပြားကို ပတ်ထားမယ့်အကြောင်း၊ ဒါကို ဈာပနပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၂ ရက်နေ့အထိ လုပ်ဆောင်မယ့်အကြောင်း ကြေညာလိုက်ပါတယ်။

အောက်တိုဘာ ၂၉  ရက်မှာ ရိုစာပတ်ရဲ့ ရုပ်အလောင်းကို မောင်ဂိုမာရီမြို့ဆီ လေယာဉ်နဲ့ သယ်ဆောင်သွားပြီး အောက်မေ့သတိရတဲ့ပွဲ ကျင်းပပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleeza Rice) က ဂုဏ်ပြုစကား ပြောကြားပါတယ်။ လူမည်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ ကွန်ဒိုလီဇာရိုက်စ်က “ရိုစာပတ်သာ လူမည်းအခွင့်အရေးကို တိုက်ပွဲမဝင်ခဲ့ဘူးဆိုရင် သူလည်း နိုင်ငံခြားရေးဝန်ကြီး ဖြစ်မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

အောက်မေ့သတိရပွဲ ညမှာ ရုပ်အလောင်းကို ဝါရှင်တန်ဒီစီသို့ သယ်ဆောင်သွားပါတယ်။ ကွန်ဂရက်လွှတ်တော်ရဲ့ ဘဲဥပုံခန်းမကြီးထဲမှာ ရုပ်အလောင်းကို ထားပြီး အရိုအသေပေးတဲ့ ဂုဏ်ပြုပွဲ ကျင်းပပါတယ်။ လူပေါင်း ငါးသောင်းက လာရောက်ဂုဏ်ပြုတဲ့ပွဲကို ရုပ်မြင်သံကြားတွေက တိုက်ရိုက်ထုတ်လွှင့်ပေးပါတယ်။ ပြီးတော့မှ ဒက်ထရိုက်မြို့ကို ပြန်လည်သယ်ဆောင်သွားပြီး နိုဝင်ဘာ ၂ ရက်နေ့မှာ ဈာပနပွဲကျင်းပပါတယ်။ ဈာပနပွဲက ၇ နာရီကျော် ကြာမြင့်ခဲ့ပါတယ်။ ရုပ်အလောင်းကို မြင်းရထားနဲ့ သယ်ဆောင်ပြီး သင်္ချိုင်းရှိရာဆီ ပို့ပါတယ်။ လမ်းတလျှောက်မှာ စောင့်ကြိုနေတဲ့ လူထောင်ပေါင်းများစွာက လက်ခုပ်တွေတီးပြီး ဟစ်ကြွေး နှုတ်ဆက်ခဲ့ပါတယ်။ 

အပ်ချုပ်သမလို သာမန်အလုပ်သမားဖြစ်တဲ့ ရိုစာပတ်ရဲ့ တစ်ကိုယ်တော်အာခံမှုဟာ အမေရိကန်သမိုင်းကို လှည့်ပြောင်းပစ်လိုက်တဲ့အထိ အကျိုးသက်ရောက်မှု ကြီးမားလှပါတယ်။ လူဖြူ လူမည်း ခွဲခြားဆက်ဆံတဲ့ စည်းကမ်းဥပဒေကို ဖျက်သိမ်းပေးရတဲ့ အဆင့်ကနေ နောက်ဆုံးတော့ လူမည်းတွေက သမ္မတရာထူးနဲ့ နိုင်ငံခြားရေးဝန်ကြီး ရာထူးများအထိ ရယူနိုင်တဲ့အထိ လူ့အခွင့်အရေးဆိုင်ရာ အောင်ပွဲကြီးကို ဖန်တီးပေးလိုက်ပါတယ်။

ဒီလိုအောင်ပွဲကြီးရဲ့ အကြောင်းရင်းတစ်ခုက ရိုစာပတ် ခိုင်ခိုင်မာမာ ကိုင်စွဲခဲ့တဲ့ ယုံကြည်ချက်ပါပဲ။ ဒါကတော့…

“မတရားမှုကို အညံ့ခံလေလေ၊ မတရားမှုတွေ တိုးလာလေလေ ဖြစ်တယ်။ ဒါကြောင့် မတရားမှုကို ငုံ့မခံပါနဲ့” ဆိုတဲ့ ယုံကြည်ချက်ပါပဲ။   ။

3 months Ago

June 25, 2020

လူဖြူ၊ လူမည်း အသားရောင်နဲ့ လူမျိုးရေး ခွဲခြားမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်တွေကို နိုးထစေခဲ့တဲ့ ဂျော့ဖလွိုက်

၂၀၂၀ ပြည့်နှစ်မှာ  ကမ္ဘာတစ်ခုလုံးကို ရိုက်ခတ်စေလိုက်နိုင်တာဟာ ကိုဗစ်-၁၉ ပြီးရင် အခု ဂျော့ဖလွိုက်ရဲ့ ဖြစ်ရပ်ပါ။ လွန်ခဲ့တဲ့ မေလကစလို့ အမေရိကားရဲ့ ပြည်နယ်စုစုပေါင်း ၅၀ မှာရှိတဲ့ မြို့ပေါင်း ၄၀၀ ကျော် နဲ့ ကမ္ဘာ့နိုင်ငံကြီးတော်တော်များများမှာ “Justice for George Floyd” “I can’t breathe” “Black Live Matters” အစရှိတဲ့ ဆိုင်းဘုတ်တွေကို ပလူပျံအောင် တွေ့မြင်နေရပါတယ်။ အဲဒီဆိုင်းဘုတ်တွေက အသားအရောင်ခွဲခြားပြီး ဆက်ဆံတာတွေကို ရပ်တန့်ဖို့၊ လူမျိုးရေး ခွဲခြားကာဖိနှိပ်တာတွေ မလုပ်ဖို့၊ တရားမျှတစွာ စီရင်ဆုံးဖြတ်ပေးဖို့၊ ရဲတွေရဲ့ အပြစ်မဲ့ ပြည်သူပြည်သားတွေအပေါ် ကြမ်းတမ်းစွာလုပ်ဆောင်တာတွေကို အရေးယူပေးဖို့နဲ့  အဲဒီလိုလုပ်ရပ်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုခြင်းပဲ ဖြစ်ပါတယ်။ ထူးခြားတာကတော့ အခုလို ထောင်သောင်းနဲ့ချီပြီး ဆန္ဒပြတောင်းဆိုကြတဲ့အထဲမှာ လူငယ်တွေပါဝင်မှုဟာ အများဆုံးဖြစ်ပြီး သူတို့တတွေက အဖွဲ့အစည်း (သို့)  တစ်စုံတစ်ယောက်ရဲ့ လှုံ့ဆော်တိုက်တွန်းမှုကြောင့် မဟုတ်ဘဲ သူတို့ကိုယ်တိုင်က တရားမျှတမှုနဲ့ အမှန်တရားအတွက် တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက် ပါဝင်နေကြတာကို အံ့အားသင့်စွာ တွေ့မြင်ရပါတယ်။  ဂျော့ဖလွိုက် ဂျော့ဖလွိုက်ဟာ အသက် ၄၆ နှစ်အရွယ် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သမီးလေးတစ်ယောက်နဲ့ အတူ မင်နီယာပိုလစ်မြို့မှာ နေထိုင်တဲ့ အမေရိကန် လူမည်းတစ်ယောက်ပါ။ မေလ  ၂၅  ရက်နေ့မှာတော့ ဖလွိုက်ကို ဒေါ်လာ ငွေစက္ကူအတု ၂၀ သုံးပြီး စီးကရက် ဝယ်သွားတယ်လို့ ရဲအရာရှိတွေကိုဆိုင်ဝန်ထမ်းတစ်ယောက်က တိုင်းတန်းလိုက်တာကြောင့် ရဲက သူ့ရဲ့ မော်တော်ယာဉ်နားကို ချဉ်းကပ်ပြီး မေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲဒီလို မေးမြန်းတဲ့ နေရာမှာ ရဲအရာရှိလေးဦးပါဝင်ပြီး လူဖြူရဲအရာရှိတစ်ယောက်က မှောက်လျက် လဲကျနေတဲ့ ဖလွိုက်ရဲ့ လည်ပင်းကို ဒူးဆစ်နဲ့ ဖိနင်းခဲ့ပါတယ်။ အခုလို ဖလွိုက်ကို ကြမ်းတမ်းစွာ အင်အားနဲ့ ဖိနှိပ်နေရင်း သူက အသက်ရှုလို့ မရတော့ဘူးလို့ အကူအညီ တောင်းခံခဲ့ပါသေးပါတယ်။ အဲဒီဖြစ်ရပ်ကို မြင်တွေလိုက်ရတဲ့ လူမည်းအမျိုးသမီးတစ်ယောက်က ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အားလုံးကို သူမရဲ့ ဖုန်းနဲ့ ရိုက်ကူးနေစဉ်မှာပဲ နောက်ထပ်လူမည်းတစ်ယောက်ကလည်း ဖလွိုက်ကို လွှတ်ပေးဖို့ ရဲအရာရှိတွေကို တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ လူနာတင်ကား မရောက်လာ မချင်း ဖလွိုက်ကို ဒူးဆစ်နဲ့ ဆက်တိုက် ဖိနင်းထားတာကြောင့် သူ့ကိုဆေးရုံထိ အမှီပို့ပေးလိုက်နိုင်ပေမဲ့ Hennepin County Medical Center ရဲ့ အရေးပေါ်လူနာခန်းမှာတင် သေဆုံးသွာခဲ့ပါတယ်။  ဂျော့ဖလွိုက် သေဆုံးမှု အပေါ် အမေရိကန်တွေရဲ့ တုံ့ပြန်မှု အခုလို လက်နက်မဲ့ လူမည်းဂျော့ဖလွိုက်အပေါ် ရဲတွေရဲ့ ကြမ်းတမ်းစွာ ဆက်ဆံတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး  ၈ မိနစ်နဲ့ ၄၆ စက္ကန့် ကြာ ဗွီဒီယိုမှတ်တမ်းတင်ထားတာကို အင်တာနက် စာမျက်နှာပေါ် တင်လိုက်ချိန်မှာတော့ ခဏလေးအတွင်း လူမှုကွန်ယက်တွေမှာ ပျံ့နှံ့သွားပြီး မင်နီယာပိုလစ်မြို့ က လူထူတွေက လမ်းပေါ်ထွက် ဆန္ဒပြကာ သေဆုံးသွားတဲ့ ဂျော့ဖလွိုက်အတွက် တရားမျှတမှု ရရှိရေးကို အင်နဲ့အားနဲ့ ညီညီညာညာ တောင်းဆိုလိုက်ကြပါတယ်။ ဆက်တိုက်ဆိုသလိုဘဲ အမေရိကားရဲ့ ပြည်နယ် ၅၀ စလုံးမှာရှိတဲ့ မြို့ပြကြီးတွေနဲ့ အတူ မြို့ပေါင်း ၄၀၀ ကျော်မှာ ဂျော့ဖလွိုက်အတွက် တရားမျှတရရှိရေးနဲ့ ရဲတွေရဲ့ ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံမှုတွေကို ရပ်တန့်ပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြမှုတွေက တောမီးပမာတစ်မုဟုတ်ချင်း လောင်ကျွမ်းကူးဆက်သွားပါတယ်။ ကိုဗစ်-၁၉ ဆိုတာ ကြောက်စရာကောင်းပေမဲ့ တရားမျှတမှုတွေမရှိခြင်းနဲ့ အသားအရောင်ခွဲခြားမှုတွေရှိနေခြင်းက ပိုပြီး ကြောက်စရာကောင်းတာကြောင့် အမေရိကန်လူထုတွေက အခုလို တက်ညီလက်ညီ တက်တက်ကြွကြွနဲ့ အားလုံးလမ်းပေါ်ဆန္ဒပြကြတာပါ။  ဂျော့ဖလွိုက်သေဆုံးမှုအပေါ် အမြတ်ထုတ်သူများရဲ့ လုပ်ရပ် အသားအရောင်ခွဲခြားမှုကို ရှုတ်ချပြီး စစ်မှန်တဲ့ တရားမျှတမှုကို လိုလားတဲ့ ငြိမ်းချမ်းစွာ တောင်းဆိုတဲ့ အမေရိကန်တွေရှိသလို အခုလို ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံခံရပြီး သေဆုံးသွားတဲ့ ဂျော့ဖလွိုက်အတွက် ဒေါသထွက်သူတစ်ချို့ကလည်း စိတ်ပေါက်ကွဲကာ ရဲကားတွေကို ရိုက်တာမျိုး၊ ရဲစခန်းတွေကို ဖျက်ဆီးတာမျိုး လုပ်ဆောင်လာတာကို တွေ့မြင်ရပါတယ်။ တစ်ရက်ပြီး တစ်ရက်ဆန္ဒပြသူတွေ များလာတာနဲ့ အမျှ အခြေအနေတွေကို ထိန်းချုပ်ဖို့ ရဲတွေကလည်း နေ့ရောညပါ တာဝန်ယူရပါတယ်။ ဒီနေရာမှာ အခြေအနေတွေကို အပွင့်လင်းဆုံးနဲ့ အရှင်းအလင်းဆုံး ပြောရမယ်ဆိုရင် တစ်ဘက်မှာ သေဆုံးသွားတဲ့ ဂျော့ဖလွိုက်နဲ့ သူ့မိသားစုကို ကိုယ်ချင်းစာနာ သူတွေ၊ တရားမမျှတမှုကို ရင်နင့်စွာခံစားရသူတွေ၊ အသားအရောင်ခွဲခြားမှုကို တကယ်ပဲ ရှုတ်ချသူတွေနဲ့ ပြီးတော့ တစ်ဘက်မှာလည်း ကိုဗစ်-၁၉ ကြောင့် အလုပ်လုပ်မဲ့ ဖြစ်သွားတဲ့ သူတွေ၊ စားဝတ်နေရေးခက်ခဲသူတွေ၊ နေစရာအိမ်မရှိသူတွေ၊ ငွေရေးကြေးရေး အခက်အခဲရှိသူတွေ အစရှိသဖြင့် လူမျိုးပေါင်းစုံနဲ့ အလွှာပေါင်းစုံက သူတွေအားလုံးဟာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ အထဲ ပါဝင်နေတာကို နေရာတိုင်းမှာ တွေ့မြင်နေရပါတယ်။  အမေရိကားက မြို့ပြကြီး တော်တော်များများမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေထိပ်တိုက်တွေ့ကြပြီး သူတို့အကြား အဓိကရုဏ်းတွေ ဖြစ်လာတာတွေကို တစ်ခုပြီး တစ်ခု ဆိုသလို ဆက်တိုက်တွေ့လာရပါတယ်။ ပိုဆိုးတာကတော့  အခြေအနေတွေကို ရှုပ်ထွေးအောင်လုပ်ချင်တဲ့ သူတွေနဲ့ အခွင့်ကောင်းယူချင်တွေလည်း အများအပြား ရှိနေတာကို တွေ့မြင်နေရပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ အခုလို အခြေအနေမှာ အမြတ်ထုတ်ချင်သူတွေကတော့ တောင်းဆိုသူတွေနဲ့ အတူ လမ်းပေါ်ထွက် ဆန္ဒပြရင်း ရဲကားတွေနဲ့ ရဲစခန်းတွေကို မီးရှို့တာ၊ ပြီးတော့ စားသောက်ဆိုင်တွေ၊ ရှော့ပင်းမောတွေ၊ တယ်လီဖုန်း မိုဘိုင်း အရောင်းစင်တာတွေ၊ စတိုးဆိုင်တွေကို လုယက်ဖျက်ဆီးပြီး မင်းမဲ့ တိုင်းပြည်အဖြစ် ရောက်အောင် ကြမ်းတမ်းစွာလုပ်ဆောင်သွားတာကို ရင်နင့်စွာတွေ့မြင်ရပါတယ်။ ဒါ့ကြောင့် အမေရိကားရဲ့ ပြည်နယ်တော်တော်များကို ပြည်စောင့်တပ်မကြီးတွေက လာရောက်ကာ အခြေအနေတွေကို ငြိမ်းသွားအောင် ကူညီရပါတော့တယ်။ မြို့တော်ဝန်တွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကလည်း အခြေအနေတွေ ငြိမ်သက်သွားအောင်လို့ ညအိမ်ပြင်မထွက်ရဆိုတဲ့ အမိန့်ကို ထုတ်ရသည်အထိ ဖြစ်လာပါတယ်။  အမေရိကန်သမ္မတတွေရဲ့  အမြင်သဘောထား လက်ရှိ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဆန္ဒပြသူတွေကို အမြတ်ထုတ်သူတွေနဲ့ ရောယောင်ပြီး လူရမ်းကားတွေလို့ ပြောဆိုစွပ်စွဲကာ ပစ္စည်းလုယက် ဖျက်ဆီးသူတွေကို အကြမ်းဖက်တဲ့နည်းနဲ့ အနိုင်ယူမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ပြီးတော့ သူက အမေရိကားရဲ့ ပြည်နယ်အုပ်ချုပ်မှူးတွေကိုလည်း ဆန္ဒပြသူတွေအပေါ် ကိုယ်တွယ်မှုက ပျော့ညံ့လွန်းတယ်လို့ ပြောပြီး ခပ်ကြမ်းကြမ်း ကိုင်တွယ်ဖို့ တယ်လီဖုန်းကနေ တစ်ဆင့် အာဏာရှင် ဆန်ဆန် ပြစ်တင်ပြောဆိုပါတယ်။  အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်မြောက်သမ္မတလည်းဖြစ် ပထမဦးဆုံးသော လူမည်းသမ္မတလည်းဖြစ်တဲ့ အိုဘားမားကတော့ ၂၀၂၀ မှာ ရဲတွေရဲ့ အကြမ်းဖက်မှု လက်ချက်နဲ့ လူမည်းတွေ သေရတာကို သာမန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုအနေနဲ့ လက်သင့်ခံနေရမယ့် အချိန်မဟုတ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ သူက လူဖြူရဲတွေရဲ့ လက်ချက်ကြောင့် သေဆုံးသွားတဲ့ ဂျော့ဖလွိုက်အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ မကျေနပ်မှုတွေနဲ့ ဒေါသတွေကို အသိအမှတ်ပြုပေမဲ့လည်း အဲဒါကို အကြောင်းပြုပြီး အကြမ်းဖက်တာတွေ သူတစ်ပါးပစ္စည်း လုယူဖျက်ဆီးတာတွေကို မပြုလုပ်ကြဖို့ ပြောဆိုသွားပါတယ်။ ဆက်လက်ပြီး အခုလို မတရားမှုတွေကို ရှုတ်ချပြီး တရားမျှတမှုအတွက် တောင်းဆိုတဲ့ ဆန္ဒပြမှုတွေမှာ အမေရိကန်လူငယ်တွေ တက်တက်ကြွကြွ ပါဝင်နေတာကို မြင်တွေ့ရတာဟာ ကျနော်ကို အကောင်းဘက်ကို ခံစားမှုပိုဖြစ်စေပြီး ကျနော်တို့ဟာ ပိုမိုကောင်းမွန်တဲ့ တိုင်းပြည်ဖြစ်ထွန်းရေးကို သွားနေတယ်လို့ ရင်တွင်းခံစားရ ကြောင်းကို လည်း ပြောပါတယ်။  အမေရိကန်ပြည်ထောင်စုရဲ့ ၄၃ ယောက်မြောက်သမ္မတ ဂျော့ချ်ဒဗလျှူဘုရှ်ကတော့ ကျနော်နဲ့ ကျနော့်ဇနီး လော်ရာတို့ဟာ ရက်ရက်စက်စက် နှိပ်စက်ညှင်းပန်းတာကို ခံရပြီး သေဆုံးသွားတဲ့ ဂျော့ဖလွိုက်နဲ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ မတရားဖိနှပ်ချုပ်ချယ်မှုတွေကြောင့် စိတ်နှလုံး မသက်မသာခံစားရပါလို့ ပြောပါတယ်။ တရားမျှတမှုကို လူတိုင်းရရှိစေရေးဟာ ကျနော်တို့တတွေ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ သူက ပြောပါတယ်။ အဲဒီလို တရားမျှတမှုကို လူတိုင်းရရှိဖို့အရေးအတွက် ကျနော်တို့မှာ အမြဲတသတ်မတ်တည်းရှိနေရမယ်၊ သတ္တိရှိနေရမယ်၊ ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကို ဖန်တီးနေကြရမှာပါ။ ကျနော်တို့တတွေရဲ့ အိမ်နီးချင်း ပေါင်းဖော်တွေကို မေတ္တာကရုဏာနဲ့  ကာကွယ်ပြီး တန်းတူညီမျှစွာ ဆက်ဆံမယ်ဆိုရင် ကိုယ်နဲ့ စပ်ဆိုင်သောသူကို ကိုယ်နဲ့အမျှ ချစ်ရာရောက်ပါတယ်။ ဒီထက်ပိုကောင်းတဲ့ နည်းလမ်းကို ပြောရမယ်ဆိုရင်တော့ ကျနော်တို့ အမေရိကန်တွေဟာ အချင်းချင်း ကိုယ်ချင်းစာနာကြမယ်၊ တာဝန်တွေကို ရဲရင့်စွာလုပ်ဆောင် မျှဝေကြမယ်၊ ပြီးတော့ တရားမျှတမှုအပေါ် အမြစ်တွယ်ထားတဲ့ ငြိမ်းချမ်းရေးကို သွားကြမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အမေရိကားကို ကျနော့်တို့ အတူတကွ ရွေးချယ် လုပ်ဆောင်နိုင်မယ်ဆိုတာကို  ကျနော် ယုံကြည်ပါတယ်လို့ ပြောဆိုသွားပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ၄၂ ယောက်မြောက်သမ္မတ ဘီလ်ကလင်တန်ကတော့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ  ဂျော့ဖလွိုက်လို အဖြစ်မျိုးနဲ့ မသေဆုံးသင့်ပါဘူး။ မှန်တာကို ပြောရမယ်ဆိုရင် တကယ်လို့ ဂျော့ဖလွိုက်နေရာမှာသာ အမေရိကန်လူဖြူ တစ်ယောက်သာဖြစ်ခဲ့မယ်ဆိုရင် သူ့လိုအဖြစ်ဆိုးမျိုးကြီး ဖြစ်လာဖို့ ရာခိုင်နှုန်းက မရှိသလောက်ပါ။ ကျနော်တို့တတွေအားလုံးဟာ ဘ၀၊ လွတ်လပ်မှု၊ လေးစားမှု၊ သိက္ခာရှိမှု၊ အပြစ်ကင်းတယ်လို့ ယူဆမှု တွေကို အသားအရောင် အပေါ်မမူတည်ဘဲ အားလုံးဟာ တန်းတူညီတူ ခံစားရယူထိုက်သူတွေလို့ အချင်းချင်း ခံစားသိမြင်ကာ ဆက်ဆံသင့်ပါတယ်လို့ ပြောသွားပါတယ်။ အသက် ၉၅ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတ ဂျီမီကာတာကတော့ ကျန်ရစ်သူ ဂျော့ဖလွိုက်ရဲ့ မိသားစုနဲ့အတူ ပြီးတော့ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ဘွင်းဘွင်းရှင်းရှင်း  လုပ်ဆောင်တာတွေကြောင့် မျှော်လင့်ချက်မဲ့ သူတွေနဲ့အတူ ကျနော်နဲ့ ကျနော်ဇနီးတို့ ဟာ အတူတကွ ရပ်တည်ပေးနေတယ်လို့ ပြောပါတယ်။ ပြီးတော့ အမေရိကားတောင်းပိုင်းက လူဖြူတစ်ယောက်ဖြစ်တဲ့ ကျနော့်အနေနဲ့ အသားအရောင်ခွဲခြားဆက်ဆံမှုနဲ့ အာဖရိကန်အမေရိကန်တွေအပေါ် မတရားလုပ်ဆောင်တာတွေရဲ့ အကျိုးဆက်တွေကို ကောင်းကောင်းနားလည် သဘောပေါက်ပါတယ်လို့ ပြောပါတယ်။ ၁၉၇၁ ခုနှစ်မှာ လူမည်းအများစုနေထိုင်ရာ ဂျော်ဂျီယာပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး အသစ်တစ်ယောက်အနေနဲ့ ကျနော့်ကို တင်မြောက်တဲ့ အခမ်းအနားမှာ လူမျိုးရေးအရ ခွဲခြားဆက်ဆံတာတွေ ဟာပြီးဆုံးသင့်ပါပြီလို့ ကျနော်က ပြောဆိုခဲ့တာပါ။ နှစ်ပေါင်း ငါးဆယ်သာ ကြာသွားတာ အခုထိ စိတ်ပျက်ဝမ်းနည်းစွာနဲ့ပဲ အဲဒီလို စကားလုံးတွေကို ထပ်ခါခါတစ်လဲလဲ ပြောနေရတုန်းပါဘဲလို့ ပြောသွားပါတယ်။  လော့စ်အိန်ဂျလစ်မြို့တော်နဲ့ လူမျိုးရေးပြဿနာ  လော့စ်အိန်ဂျလစ်မြို့ဟာ အသားအရောင်ခွဲခြားမှု၊ လူမျိုးရေး အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ၁၉၉၂ ခုနှစ်တုန်းက အကြီးအကျယ်ကို ခံရခဲ့တဲ့ မြို့တော်ဖြစ်ပါတယ်။ အဲဒီတုန်းက လူမည်းအမျိုးသား ရော့နေကင်းကို လော့စအိန်ဂျလစ်ရဲအရာရှိလေးယောက်က ရိုက်နှက်ထားတဲ့ ဗွီဒီယိုဖိုင်ကို ရုပ်သံသတင်းက တစ်ဆင့် ချပြလိုက်ချိန်မှာတော့ ထောင်နဲ့ချီတဲ့ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြပြီး၊ စတိုးဆိုင်တွေ၊ ရှော့ပင်းမောတွေ၊ စားသောက်ဆိုင်တွေကို အတင်းအဓမ္မဝင်ရောက် ဖျက်ဆီးတာ၊ ပစ္စည်းတွေကို လုယက်တာ၊ တိုက်တာ အဆောက်အအုံတွေကို မီးရှို့ပစ္စည်းတွေလုပြီး ဘယ်လိုမှ ထိန်းလို့မရတဲ့ အခြေအနေ၊ တနည်းပြောရမယ်ဆိုရင် မင်းမဲ့တိုင်းပြည် အဖြစ်သို့ ကျရောက်သွားခဲ့ပါတယ်။ နောက်ဆုံးတော့ ကယ်လီဖိုးနီးယားပြည်စောင့်တပ်မတွေကိုယ်တိုင် လာရောက်ပြီး အခြေအနေတွေကို ထိန်းချူပ်ရတဲ့ အထိဖြစ်လာပါတယ်။ အဲဒီ အဖြစ်အပျက် မဖြစ်ခင်လေးမှာ ကိုးရီယားအမေရိကန်နဲ့ လူမည်းအမေရိကန်တွေ အကြား အခြေအနေ တင်းမာမှုတွေရှိနေခဲ့တာကြောင့် အခုလို အခြေအနေမျိုးရောက်ရှိလာချိန်မှာတော့ ကိုးရီယားအမေရိကန်တွေ ပိုင်ဆိုင်တဲ့ စတိုးဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းခွင်တွေဟာ တိုက်ခိုက်လုယူသူတွေအတွက် ပစ်မှတ်ဖြစ်လာပြီး  စီးပွားရေးအရ ကျဆုံးမှုကို အလူးအလဲ ခံစားရခဲ့ကြတာပါ။  တချို့ကိုးရီယားဆိုင်ပိုင်ရှင်တွေက မိမိရရာ သေနတ်တိုရှည် ဆွဲယူကိုင်ဆောင်ပြီး အဖျက်သမားတွေရဲ့ လက်ထဲမကျရောက်အောင် ခုခံကာကွယ်မှုမျိုးတွေကို လုပ်ဆောင်ရသည်အထိ ဖြစ်ခဲ့ကြရပါတယ်။ အဲဒီတုန်းက လော့စ်အိန်ဂျလစ်ရဲတွေကလည်း အခြေအနေတွေကို ပြေလည်အောင် ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ခြောက်ရက်ကြာ လူထုအုံကြွမှုရဲ့ ရလဒ်ကတော့ လူပေါင်း ၆၃ ယောက်သေဆုံးပြီး၊ ၂၃၈၃ ယောက် အနာတရဖြစ်ကာ၊ ၁၂၀၀၀ ကျော်ဖမ်းဆီးခံရတာတွေပဲ ဖြစ်ပါတယ်။ ပြီးတော့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်နဲ့ ညီမျှတဲ့ ပျက်စီးဆုံးရှုံမှုတွေကို ရင်နင့်စွာခံစားရခဲ့ကြပါတယ်။  အခု ၂၀၂၀ ပြည့်နှစ်မှာလည်း မင်နီယာပိုလစ်မြို့ က ဂျော့ဖလွိုက်ရဲ့  ရင်နင့်ဖွယ်ရာ ဖြစ်ရပ်ကို ကြားကြားချင်းမှာဘဲ လော့စ်အိန်ဂျလစ်မြို့သူ မြို့သားတွေက အထူးသဖြင့် လူငယ်တွေအားလုံးက တက်ညီလက်ညီ လမ်းပေါ်ထွက်ကာ ဂျော့ဖလွိုက်အတွက်တရားမျှတမှုကို တောင်းဆိုပြီး ရဲတွေရဲ့  လူမဆန်တဲ့ လုပ်ရပ်တွေကို ရှုတ်ချကြပါတယ်။ တကယ်တော့ မင်နီယာပိုလစ်မြို့နဲ့ လော့စ်အိန်ဂျလစ်မြို့ဟာ မိုင်ပေါင်း ၁၉၀၀ ကျော်ကွာဝေးပါတယ်။ ဆန္ဒပြတောင်းဆိုသူတွေက ကျနော် အလုပ်ဝင်နေတဲ့ လော့စ်အိန်ဂျလစ်မြို့တော်ဝန်ရုံးစိုက်ရာ မြို့တော်ခန်းမ အနားတစ်ဝိုက်လာရောက်ကာ ဆန္ဒပြကြပါတယ်။ လော့စ်အိန်ဂျလစ်မြို့တော်ဝန်ကိုယ်တိုင်ကလည်း သေဆုံးသွားတဲ့ ဂျော့ဖလွိုက်အတွက် မကျေမနပ်နဲ့ ဒေါသထွက် ဆန္ဒပြတဲ့ သူတွေကို ဒါဟာလုပ်သင့်တဲ လုပ်ရပ်ဖြစ်ပါတယ်၊ ဒါပေမဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုမျိုးကို တော့ ကျင့်သုံးသင့်ပါလို့ ပြောကြားပါတယ်။  မြို့တော်တစ်ခုလုံးမှာ ရာနဲ့ချီတဲ့ လမ်းပေါ်ထွက်ဆန္ဒပြသူတွေနဲ့ လော့စ်အိန်ဂျလစ်ရဲကားတွေ ထိပ်တိုက် ရင်ဆိုင်တွေ့လိုက်ရချိန်မှာတော့ ရဲကားတွေကို ဝိုင်းရိုက်လိုက်တာမျိုးတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုနဲ့ဘဲ မြို့တော်ခန်းမ အလွန် ၁၀၁ အမြန်ပြေး လမ်းမကြီးပေါ်မှာ လူစုလူဝေးဖြစ်သွားပြီး ခေတ္တလမ်းပိတ်ဆို့မှုတောင် ဖြစ်သွားလိုက်ပါသေးတယ်။ အဲဒီလို ဖြစ်ပျက်နေချိန်မှာဘဲ ကျနော်ကိုယ်တိုင်လည်း ဆန္ဒပြသူတွေဆီ အရောက်သွားလိုက်ပါတယ်။ ကျနော်မြင်တွေ့လိုက်ရတာကတော့ လူငယ်တွေ ဦးဆောင်တဲ့ လူအုပ်ကြီးက ရဲတွေကို သူတို့တစ်တွေရဲ့ မကျေနပ်ချက်တွေ၊ အပြစ်မဲ့ ပြည်သူ၊ ပြည်သားတွေ အပေါ် မတရားကြမ်းတမ်းစွာ ဆက်ဆံမှုပြုတာတွေနဲ့ ဂျော့ဖလွိုက်အတွက် တရားမျှတမှုကို လိုချင်ကြောင်းစတာတွေကို အင်နဲ့ အားနဲ့ ၊ ဒေါနဲ့ မာန်နဲ့၊ စိတ်ပြင်းပြစွာနဲ့ ပြောဆိုကြတာကို တွေ့ ရပါတယ်။ တချို့လူငယ်တွေကလည်း နိုင်ငံတော်အလံကို မီးရှို့ကာ သူတို့တတွေရဲ့ စိတ်ပေါက်ကွဲမှုကို ထုတ်ဖော်ပြသတာတွေကိုလည်း ကျနော်ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါတယ်။ သတင်းမီဒီယာရယူသူတွေကလည်း ဆန္ဒပြသူတွေနဲ့ အတူလိုက်ပါရယူကြသလို ရဟတ်ယာဉ်နဲ့ ကောင်းကင်ဝေယံပေါ်ကလည်း ရိုက်ကူးကာ တိုက်ရိုက်တင်ဆက်နေတာကိုလည်း တွေ့မြင်ရပါတယ်။ အဲဒီနေ့မှာ ကျနော်မှတ်မိသလောက် ဆန္ဒပြသူတွေ အနီးမှာ ရဟတ်ယာဉ် ၅ စီးလောက် ပျံဝဲနေတာကို တွေ့ရပါတယ်။ ၁၉၉၂ အဖြစ်အပျက်နဲ့ မတူတာ တစ်ခုကတော့ ကိုးရီယားအမေရိကန်တွေက လူမည်းအမေရိကန်တွေကို ထောက်ခံကြောင်းဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး သူတို့တတွေနဲ့ အတူတကွ ရပ်တည်ကြောင်းပြသကြပါတယ်။ လူဖြူ၊ လူမည်းနဲ့ တစ်ခြားအသားအရောင်ရှိတဲ့ သူတွေအားလုံးက တရားမျှတမှုနဲ့ ရဲတွေရဲ့ လူမဆန်သောလုပ်ရပ်မှုတွေ ရပ်တန့်ဖို့ အတူတကွ တက်ညီလက်ညီ ဝိုင်းဝန်းတောင်းဆိုသွားကြတာကို လော့စ်အိန်ဂျလစ်မြို့တော်မှာ မျက်မြင်ကိုယ်တွေ့ပါဘဲ။  မပြီးဆုံးသေးတဲ့  အမေရိကန်တွေရဲ့အသားအရောင်နဲ့ လူမျိုးခွဲခြားမှုပြဿနာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရေး အကြောင်းပြောမယ်ဆိုရင် အသားအရောင် ခွဲခြားပြီး ဆက်ဆံတာတွေ လူမျိုးရေးမမျှတမှု အကြောင်းတွေ မပါလို့မပြီးပါဘူး။ ၁၇၇၆ ခုနှစ်မှာ အမေရိကန်တွေဟာ ဗြိတိသျှ အင်္ဂလိပ်တွေ ဆီကနေ လွတ်လပ်ရေးကို အပြီးအပိုင်တိုက်ယူလိုက်နိုင်ခဲ့ပါတယ်။ သူတို့တတွေရဲ့ လွတ်လပ်ရေး ကြေညာစာတမ်းမှာ “လူတိုင်းဟာ လွတ်လပ်ပြီး တန်းတူညီမျှတယ်”  ဆိုတဲ့စာသား ကို ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီလို ကြွေးကြော်သူတွေ ကိုယ်တိုင်က လူမည်းတွေကို ပိုင်ဆိုင်တဲ့ ကျွန်ပိုင်ရှင်တွေဖြစ်နေကြပြီး လူမည်းကျွန်တွေကတော့ လွတ်လပ်မှုကို လူဖြူတွေနဲ့ တန်းတူမခံစားရခဲ့ပါဘူး။  အဲဒီ ကျွန်စနစ်ကြောင့်ပဲ အမေရိကားက ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရပြီး ကျွန်စနစ်ကို လုံး၀မလိုလားတဲ့ အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်း လက်ထက်ရောက်တဲ့အခါမှပဲ တစ်နိုင်ငံလုံး ကျွန်စနစ်ဖျက်သိမ်းကြောင်းကြေညာချက် (Emancipation Proclamation) ကို ဇန်နဝါရီ ၁ ရက် ၁၈၆၃ ခုနှစ်မှာ ထုတ်ပြန်ပါတယ်။ အမေရိကားမှာ ကျွန်စနစ် ပပျောက်သွားခဲ့ပေမဲ့ လူမည်းတွေကတော့ လူဖြူတွေရဲ့ ခါးခါးသီးသီး ခွဲခြားဆက်ဆံတာတွေကို နေ့တိုင်းခံစားခဲ့ရပါတယ်။ ဥပမာ လူမည်းတွေကို ကျောင်းတက်ခွင့်မပေးတာ၊ လူဖြူကလေးတွေနဲ့အတူ ပန်းခြံတွေမှာ ကစားခွင့်မရတာ၊ လူဖြူတွေပျော်ပါးနေတဲ့ ပင်လယ်ကမ်းခြေတွေမှာ သွားခွင့်မရှိတာ၊ အများသုံး ဘတ်စ်ကားတွေကို လူဖြူတွေနဲ့အတူ စီးခွင့် မရှိတာတွေရှိနေခဲ့ပါတယ်။ ဒါကြောင့်လဲ အာဖရိကန်အမေရိကန်  လူမည်းခရစ်ယာန်သင်းအုပ်ဆရာ တစ်ယောက်ဖြစ်တဲ့ သိက္ခာတော်ရ မာတင်လူသာကင်းက အကြမ်းမဖက်တဲ့ နည်းကို ကျင့်သုံးပြီး အသားအရောင်ခွဲခြားမှုကို ဒုက္ခဝေဒနာကြီးစွာခံစားရင်း ရဲရဲဝံ့ဝံ့ ဆန့်ကျင်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာတော့ မာတင်လူသာကင်းဟာအမေရိကန်လူဖြူ ဂျိမ်းစ်အားလ်ရေရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၅၀ ကျော် အကြာမှာတော့ လူမည်းဖြစ်တဲ့ ဘားရတ်အိုဘားမားကို အမေရိကန်တွေက သမ္မတ အဖြစ်ရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။  ဒါပေမဲ့ အမေရိကန်လူမည်းတွေကို မတရားဆက်ဆံတာတွေ၊ ရဲအရာရှိတွေရဲ့ ပစ်မှတ်သားကောင်အဖြစ် ရှိနေတာတွေကတော့ ရပ်တန့်မသွားသေးပါဘူး။   ဂျော့ဖလွိုက်ဖြစ်ရပ်မှ သင်ခန်းစာ အမေရိကန်နိုင်ငံဟာ ဘယ်သူ့ကိုမဆို ကျောသား၊ ရင်သား မခွဲခြားဘဲ အားလုံးကို လက်ခံပြီး ညီတူညီမျှစွာ ပါဝင်နိုင်ရေး၊ တရားမျှတမှု ရရှိရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးရာတို့မှာ ချန်ပီယံဖြစ်နေပေမဲ့ လုံး၀ဥဿုံ ပြီးပြည့်စုံတဲ့ နိုင်ငံတော့ မဟုတ်ပါဘူး။ ပြီးတော့ အမေရိကားဟာ လက်ရှိမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သိပ္ပံနှင့် နည်းပညာတို့မှာ ကြီးကျယ်ခမ်းနားစွာ အောင်မြင်နေပြီး ကမ္ဘာ့အလယ်မှာ အင်မတန်မှ ဂုဏ်ယူစရာ ကောင်းနေပေမယ့်လည်း သူ့နိုင်ငံသား ဂျော့ဖလွိုက်ဖြစ်သွားတဲ့ အမှုကနေပြီး အမေရိကန်တွေကို ပေးလိုက်တဲ့ သင်ခန်းစာ တစ်ခုကတော့ လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေးဓနပိုင်းဆိုင်ရာနဲ့ ဂုဏ်ပကာသန ပိုင်းဆိုင်ရာ တွေရဲ့ သားကောင်မျှသာ မဟုတ်ပါဘူး။ တရားမျှတမှု၊ အမှန်တရားနဲ့ လူသားချင်း ကိုယ်ချင်းစာနာထောက်ထားမှုတို့ကို လွန်စွာတောင့်တ လိုချင်သူတွေဖြစ်တယ်ဆိုတာကိုလည်း အသိအမြင် ပွင့်စေလိုက်ပါတယ်။ ပြီးတော့ အသားအရောင်နဲ့ လူမျိူးရေး ခွဲခြားဆက်ဆံတာတွေ ဟာ လူ့ဘောင်လောကရဲ့ ဘယ်နေရာမှာမဆို လုံး၀ကို လက်သင့်ခံလို့ရတဲ့ အရာမဟုတ်ဘူးဆိုတာ ကိုလည်း ထပ်မံပြီး သတိပေးလိုက်တဲ့ အရာပဲဖြစ်ပါတယ်။ သေချာတာ တစ်ခုကတော့ မိုးထိလုနီးပါးဖြစ်အောင် တိုက်တာ အဆောက်အအုံတွေကို တည်ဆောက်နိုင်ပေမယ့် တရားမျှတမှုနဲ့ ကိုယ်ချင်းစာတရားကို အထွတ်အထိပ်မှာ မထားနိုင်ရင်တော့ စစ်မှန်ပြီး အောင်မြင်တဲ့ တိုးတက်မှုလို့ ပြောလို့ လုံး၀မရပါဘူး။ ဘယ်လောက်ပဲ စီးပွားရေးတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ထားနိုင်ပါလေစေ၊ တရားမျှတမှုမရှိပါက ခုလို မလိုလားအပ်တဲ့ ဆုံးရှုံမှုကြီးတွေကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။  ဂျော့ဖလွိုက်အမှုကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အသားအရောင်၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ လူမျိုးရေး၊ ကျားမ လိင်ပိုင်းဆိုင်ရာ ခံယူချက်၊ သဘောထား အမြင်တွေ ဘယ်လောက်ဘဲ မတူညီချင် နေပါစေ လူသားတွေ အားလုံးဟာ မွေးရာပါ တန်းတူ ညီမျှတဲ့ တန်ဖိုးကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်ဆိုတာကို ထပ်လောင်းပြီး သိမြင်စေလိုက်နိုင်ပါတယ်။ ပြီးတော့ လက်နက်မဲ့ အပြစ်မဲ့ ပြည်သူ၊ ပြည်သားတစ်ယောက်ကို လက်နက်ကိုင် ရာထူး အားကိုးပြီး အနိုင်ကျင့်ပါက မတရားတာဖြစ်ပြီး အဲဒီလို မတရားမှုကို အားလုံးပါဝင် ရှုတ်ချရမှာ ဖြစ်ပါတယ်။ ဂျော့ဖလွိုက်အမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ လူမျိုးရေးခွဲခြားမှုတွရဲ့ ပြယုဂ်တွေကို ဖော်ဆောင်တဲ့ ရုပ်တုတွေကို အမေရိကားနဲ့ ကမ္ဘာတဝန်းမှာ ဖယ်ရှားတာတွေ တွင်တွင်ကျယ်ကျယ် ပြုလုပ်နေတာကို ကြည့်ခြင်းအားဖြင့် အများပြည်သူ့ရဲ့ ဆန္ဒမပါဘဲ အတင်းအဓမ္မ စိုက်ထူထားတဲ့ ရုပ်တုမှန်သမျှဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အခုလိုပဲ အစိတ်စိတ်အမွှာမွှာ ရိုက်ထု ခွဲခြမ်းတာတွေကို ခံရပါမှာ ဖြစ်တယ်ဆိုတာကိုလည်း  အသိပေးလိုက်ရာ ရောက်ပါတယ်။   ဇော်တူးခေါင်  (လော့စ်အိန်ဂျလိစ်)  (စာရေးသူ ဇော်တူးခေါင်သည် McCain Institute ၏ အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင် အစီအစဉ်၌ ပါဝင်သူတဦးဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့တော်ဝန်ရုံး၏ နိုင်ငံတကာရေးရာဌာနတွင် fellow အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။)
10 months Ago
Up