ကိုရိုနာဗိုင်းရပ်စ်ရှိတယ်ဆိုပြီး နောက်ပိုင်းမှ သိခဲ့ရတဲ့ လူပုဂ္ဂိုလ် ၂ ဦးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တွေ့ဆုံခဲ့တယ်လို့ အိမ်ဖြူတော်သမားတော်က မတ် ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတထရမ့်ကို ဗိုင်းရပ်စ် ရှိ၊ မရှိ စမ်းသပ်စရာ မလိုအပ်သလို သီခြားစောင့်ကြည့်စရာလည်း မလိုဘူးလို့ သမားတော် ဒေါက်တာ ရှောင်ပီ ကွန်လေက ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတထရမ့်ဟာ ဘရာဇီးသမ္မတ ဘော်ဆိုနာရို အဖွဲ့နဲ့အတူ ညစာအတူ စားခဲ့ပါတယ်။
အဲဒီအဖွဲ့ထဲမှာ ပါတဲ့ ဘရာဇီးဆက်သွယ်ရေးဝန်ကြီး ဖာဘီယို ဝါအင်ဂါဒန်ဟာ အခုအခါမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိထားတာပါ။
အလားတူ သမ္မတ ထရမ့်နဲ့ မာရာ-လာဂိုအပန်းဖြေစခန်းမှာ အတူညစာစားခဲ့တဲ့ နောက်ဧည့်သည်တဦးမှာလည်း နောက်ပိုင်း COVID-19 ဗိုင်းရပ်စ် တွေ့ရှိတယ်လို့ ဒေါက်တာကွန်လေက ဆိုပါတယ်။
အဲဒီလို တွေ့ဆုံတာက ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ နည်းပါးပြီး သမ္မတ ထရမ့်ကို အိမ်မှာ သီးခြားစောင့်ကြည့်ဖို့ မလိုအပ်ဘူးလို့ ကွန်လေက ဆိုပါတယ်။
သမ္မတ ထရမ့်နဲ့ ပထမတယောက် ထိတွေ့တာက အကန့်အသတ်များပြီး သမ္မတဟာ ဒုတိယ တယောက်နဲ့တော့ အတော်လေး နီးနီးကပ်ကပ် ရှိခဲ့တယ်လို့ ဒေါက်တာ ကွန်လေက ပြောပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅၆၅၃၆ ယောက်၊ သေဆုံးသူ ၅၈၃၅ ယောက်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၇၅၉၂၂ ယောက် ရှိတယ်လို့ သိရပါတယ်။
12 months Ago