လူနေအိမ်နှင့် ကွမ်းခြံ

January 21, 2022

မုံရွာမြို့နယ်တွင် လူနေအိမ်နှင့် ကွမ်းခြံများကို စစ်တပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊  ကျေးရွာတချို့မှာ ဇန်နဝါရီ ၂၁ ရက် မနက် ၉ နာရီလောက်ကနေ  ညနေ ၅ နာရီအတွင်း စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာပြီး   လူနေအိမ်တချို့နဲ့ ကွမ်းခြံစိုက်ခင်းတွေကို မီးရှို့သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီမနက်  မုံရွာမြို့တွင်းကနေ ဒိုင်နာကားနဲ့ ထွက်လာပြီး မြို့ထွက်မုဒ်ဦးအနီးမှာ ကားကိုရပ်ထားခဲ့ကာ  မအူရွာ၊ အောင်သာရွာ၊ မြေနဲရွာ၊ မင်းရွာကျေးရွာကို ခြေလျှင်စစ်ကြောင်း ချီတက်ပြီး ခုလိုလုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံပြည်သူတစ်ဦးက “မနေ့ညတုန်းက မြေနဲရွာနဲ့ မင်းရွာကျေးရွာအကြား မိုင်းဆွဲခံရလို့ မကျေနပ်ပြီး အခုလိုလာလုပ်တာဖြစ်နိုင်တယ်။ ဒီကောင်တွေ သေနတ်တွေနဲ့ ပစ်လိုက်တာ အရမ်းပဲ။ လမ်းတွေ့သမျှ လူနေအိမ်၊ တောင်ယာတဲတွေ၊  ကွမ်းခြံတွေကိုလည်း  မီးတင်ရှို့တယ်။ စိုက်ခင်းထဲ အလုပ်လုပ်နေတဲ့တွေ့တဲ့သူအကုန်ဖမ်းတယ်။ ရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တယ်”လို့ ပြောပါတယ်။

စစ်တပ်က မီးရှို့လို့ ကွမ်းခြံ ၃၀ လောက်နဲ့ လူနေအိမ်အပါအဝင် တောင်ယာတဲ ၅၀  လောက် မီးသင့်ခဲ့ပြီး မီးစက်၊ ဆိုင်ကယ်၊ တောင်ယာသုံးပစ္စည်း၊ လူ့အသုံးအဆောင်ပစ္စည်းတွေ  မီးထဲပါ သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မီးရှို့ခံရတဲ့ ကျေးရွာတွေဟာ ဇန်နဝါရီ ၂၀ ရက် ညပိုင်းက စစ်ကားတစ်စီး မိုင်းဆွဲခံခဲ့ရတဲ့နေရာနဲ့  အနီးဆုံးကျေးရွာတွေလည်း ဖြစ်ပါတယ်။

5 months Ago
Up