လူနေအိမ်ထောင်ချီပျက်စီး

August 6, 2021

မြောက်ကိုရီးယားတွင် ရေကြီးပြီး လူနေအိမ်ထောင်ချီ ပျက်စီး

မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းမှာ မိုးကြီးလို့ ရေလွှမ်းခဲ့အပြီး အိမ်ခြေ ၁၁၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ လူတွေကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပြီး လယ်မြေတွေ၊ လမ်းတွေလည်း ရေတိုက်စား မျောပါခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ KRT က သြဂုတ် ၅ ရက်မှာ ထုတ်လွှင့်ပါတယ်။ ရေမြုပ်နေတဲ့ အိမ်တွေ၊ ပြိုကျနေတဲ့ တံတားနဲ့ ကမ်းပါးတွေကို ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း KRT က ထုတ်လွှင့် ပြသပါတယ်။

ဟမ်ဂျောင်းမြို့ မြောက်ပိုင်းအစိတ်အပိုင်းတွေမှာ သြဂုတ် ၁ ရက်ကနေ ၃ ရက် အတွင်း မိုးရေချိန် မီလီမီတာ ၅၀၀ ကျော် ရွာသွန်းခဲ့တာကို မှတ်တမ်းတင်ထားတယ်လို့ မြောက်ကိုရီးယား မိုးလေဝသစီမံခန့်ခွဲရေးဌာန ဒုအကြီးအကဲ ရိယောင်နမ်က ပြောပါတယ်။

အဲဒီရက်ပိုင်းမှာ ဟမ်ဂျောင်းမြို့ တောင်ပိုင်းမှာလည်း မိုးရေချိန်က ရွာသွန်းမြဲထက် ပိုခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ဒဏ်ခတ်မှုတွေ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ဟန့်တားရေး ရည်မှန်းပြီး နယ်စပ်မှာ ကန့်သတ်ထားတာတွေကြောင့် နိုင်ငံခြားတင်သွင်းကုန် ဖြတ်တောက် ခံထားရတဲ့ မြောက်ကိုရီးယားမှာ ကောက်ပဲသီးနှံတွေ ရေကြီးလို့ ပျက်စီးကုန်တာပါ။ စားနပ်ရိက္ခာ ဖြန့်ဖြူးရေးအပေါ် သက်ရောက်မယ့် အလားအလာတွေကို စိုးရိမ်နေကြပါတယ်။

4 months Ago
Up