လူနာ၃၂ဦးသေဆုံး

October 10, 2020

ကိုဗစ်-၁၉ လူနာသစ် ၂၁၅၈ ဦး ထပ်မံတွေ့ရှိ၊ သေဆုံးသူ ၃၂ ဦးတွင် ရောဂါအခံရှိသူ ၃၁ ဦးပါဝင်

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၂,၁၅၈ ယောက် တွေ့ရှိခဲ့ပြီး လူနာ ၃၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့  ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ အောက်တိုဘာ ၉ ရက် ည ၈ နာရီကနေ ၁၀ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆,၃၁၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ်  ၂,၁၅၈ ယောက်  တွေ့ရှိခဲ့တာပါ။ သေဆုံးသူ ၃၂ ယောက်ထဲမှာ ရောဂါအခံရှိသူ ၃၁ ယောက်ပါဝင်ပြီး လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဒီနေ့စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာတွေထဲမှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စစ်ဆေးဖို့ ကျန်ရှိတဲ့ ဓာတ်ခွဲနမူနာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၂၆၀၆၄ ယောက်၊ သေဆုံးသူ ၅၉၈  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၀၅၀  ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇ ဒသမ ၁၈ သန်းကျော်၊ သေဆုံးသူ ၁ သန်း ၇ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၈ သန်း နီးပါးရှိပြီလို့ သိရပါတယ်။
7 months Ago
Up