လူနာအမှတ် ၃၂

A d v e r t i s e m e n t With Us

April 14, 2020

ကန်ကြီးထောင့်တွင် လူနာအမှတ် ၃၂ နှင့် ကားအတူ စီးလာသူ ၃ ဦးကို စောင့်ကြည့်စစ်ဆေးနေ

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှာ လူနာအမှတ် ၃၂ နဲ့ ကား တစီးထဲ အတူစီးလာခဲ့သူ ၃ ဦးကို ရှာတွေ့ထားပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ လာရှိုးကနေ ရန်ကုန်အထိ  လူနာ အမှတ် ၃၂ နဲ့အတူ ရွှေမန္တလာကားနဲ့ လိုက်ပါလာသူ ၃ ဦးက ညောင်ချောင်း ကျေးရွာအုပ်စု၊ ဝဲရွာမှာနေထိုင်တဲ့ အမျိုးသား ၂ ဦးနဲ့ ခုံဇင်ကုန်း ကျေးရွာအုပ်စု၊ ကံကုန်းရွာမှာနေထိုင်တဲ့ အမျိုးသမီး ၁ ဦးဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ် (၁) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “အခု သူတို့တွေကို ဒါးကတိုက်နယ်ဆေးရုံကို ပို့ပြီး စောင့်ကြည့်ထားပါပြီ၊ သုံးဦးစလုံးက ကျန်းမာရေးကောင်းပါတယ်။ သူတို့ရဲ့မိသားစုဝင်တွေကိုတော့ အိမ်မှာ စောင့်ကြည့်တာတွေ ပြုလုပ်နေပါတယ်” လို့ ပြောပါတယ်။ အဆိုပါ ၃ ဦးဟာ မတ်လ ၂၆ ရက်က  လူနာအမှတ် ၃၂ နဲ့အတူ လားရှိုးကနေ ရန်ကုန်အထိ ကားအတူစီးခဲ့ပြီး မတ်လ ၂၇ ရက်မှာ သူတို့နေထိုင်တဲ့ ကျေးရွာတွေကို ပြန်ရောက်ခဲ့ပြီး နေအိမ်မှာ ၁၄ ရက်စောင့်ကြည့်ခဲ့ချိန် လူနာအမှတ် ၃၂ ဟာ သူတို့နဲ့ကားအတူစီးခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူများက သိရှိပြီး လိုက်လံရှာဖွေကာ ဆေးရုံခေါ်ဆောင်ကာ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ အဆိုပါ ၃ ဦးမှာ လက်ရှိအချိန်မှာ ကျန်းမာရေး ကောင်းမွန်နေပေမယ့်လည်း ဆေးစစ်ချက်တွေ ရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပို့ဆောင်ကာ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့  လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက ပြောပါတယ်။ လူနာအမှတ် ၃၂ ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ အသက် ၃၈ နှစ်အရွယ် အမျိုးသားဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လလောက်က တရုတ်နိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ပြီး ပြန်လာစဉ် ဖျားကာ ချောင်းဆိုးလာတာကြောင့် မတ်လ ၂၈ ရက်နေ့က လှည်းကူးဆေးရုံမှာ စောင့်ကြည့်စစ်ဆေးချိန် COVID-19 ရောဂါပိုး တွေ့ရှိတာ ဖြစ်ပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - သဲသဲ
11 months Ago

April 13, 2020

လူနာအမှတ် ၃၂ နှင့် ကားအတူစီးခဲ့သည့် ညောင်လေးပင်က အမျိုးသားကို စောင့်​ကြည့်စစ်ဆေးနေ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ မြို့မ (၅) ရပ်ကွက် စံပြ ၃ လမ်းမှာ COVID-19 ဓာတ်ခွဲအတည်​ပြုလူနာအမှတ် ၃၂ နဲ့ ကားအတူစီးခဲ့တဲ့ အမျိုးသား ၁ ဦးကို ဧပြီလ ၁၃ ရက်နေ့က  Home Quarantine စောင့်ကြည့်စစ်ဆေးနေတယ်လို့ မြို့နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၃၂ နဲ့ ကားအတူစီးခဲ့သူ အမျိုးသားဟာ အသက် ၄၅ နှစ်အရွယ် ရွှေမန္တလာယာဉ်မောင်းတဦးဖြစ်​ပြီး မတ် ၂၃ ရက်​နေ့မှာ ယာဉ်လိုင်းက ခွင့်ယူကာ ညောင်လေးပင်မြို့ကို ပြန်လည်ရောက်ရှိလာတာပါ။ မြို့နယ်ဆရာဝန်ကြီး ဦးသောင်းဒါန်ဦးက “ဧပြီလ ၁၃ ရက်​နေ့မှာ လူနာအမှတ် ၃၂ နဲ့ ထိတွေ့ပတ်သက်ခဲ့တယ်လို့ သတင်းအရ မြို့နယ်ကျန်းမာရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်​တွေ နေအိမ်ကို သွားရောက်ကာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီး နေအိမ်မှာ ၇ ရက် စောင့်ကြည့်စစ်ဆေးခံဖို့ ပြောဆိုအသိပညာပေး​ကာ Home Quarantine နဲ့ ​စောင့်​ကြည့်စစ်​ဆေး​နေ​တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ လူနာအမှတ် ၃၂ နဲ့ ကားအတူစီးခဲ့တဲ့ ယာဉ်မောင်းဟာ လက်ရှိမှာ ချောင်းဆိုး၊ ဖျားနာ ကိုယ်အပူချိန်တက်ခြင်းမရှိဘဲ ကျန်းမာရေးကောင်းမွန်နေပြီး သူ့ကို နေ့စဉ် နှစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မြို့နယ်ဆရာဝန်ကြီး ဦးသောင်းဒန်ဦးက ပြောပါတယ်။ သူ ပြန်ရောက်လာတာက မတ်လ ၂၃ ရက်နေ့ကတည်းက ဆိုတော့ ရက်က ကြာနေပြီလေ။ လက်ရှိမှာလည်း သူ့ကျန်းမာရေးအခြေအနေက ကောင်းမွန်နေတော့ နေအိမ်မှာပဲ ၇ ရက် စောင့်ကြည့်စစ်ဆေးတာပါ။” ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၃၂ ဟာ လွန်ခဲ့တဲ့ ၃ လက တရုတ်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ခဲ့တဲ့ ရာဇဝင်ရှိတာ​ကြောင့် လွန်ခဲ့တဲ့သုံးလက သူ စီးနင်းလာတဲ့ ယာဉ်မောင်း၊ ယာဥ်နောက်လိုက်နဲ့ ယာဥ်ပေါ်ပါလာသူတွေကို စုံစမ်းစစ်ဆေး စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။ နေလင်းထိုက်
11 months Ago
Up