လူနာအမှတ် ၃၁၈

July 25, 2020

အသက် ၆ နှစ်အရွယ် ကိုဗစ်-၁၉ လူနာအမှတ် ၃၁၈ ဆေးရုံမှ ဆင်းခွင့်ရ (ဓာတ်ပုံ)

တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ အသက် ၆ နှစ်အရွယ် ကိုဗစ်-၁၉ လူနာအမှတ် ၃၁၈ ဟာ နှစ်ကြိမ်ဆက် စစ်ဆေးချက်အရ ရောဂါပိုး မတွေ့ရတော့လို့ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ ဒါပေမဲ့ ကလေးငယ်ကို ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။ လူနာသစ် ကလေးငယ် အမှတ် ၃၁၈ ဟာ အိန္ဒိယက ပြန်လာပြီးနောက် တွန်းဇံမြို့နယ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်နေစဉ် ဇူလိုင် ၈ ရက်နေ့ ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုး တွေ့ရှိခဲ့တာပါ။ Photo : THE TEDIM POST
11 months Ago

July 12, 2020

ကိုဗစ်-၁၉ လူနာ ၆ နှစ်ကလေးအား ဆိုင်ကယ်ဖြင့် ခက်ခက်ခဲခဲခေါ်ဆောင်ပြီး ဆေးရုံပို့ခဲ့ရ (ဓာတ်ပုံ)

ချင်းပြည်နယ်က အသက် ၆ နှစ်အရွယ် ကလေးငယ်မှာ ကိုဗစ်-၁၉ တွေ့ရှိပြီးနောက် သွားလာရခက်ခဲတဲ့ ကျေးရွာကနေ ဆိုင်ကယ်နဲ့ အဆင့်ဆင့်ပို့ပေးခဲ့ရတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။ လူနာအမှတ် ၃၁၈ ဖြစ်တဲ့ ကလေးငယ်ဟာ သူ့ရဲ့ အမေနဲ့အတူ အိန္ဒိယနိုင်ငံက ပြန်လာခဲ့ပြီး တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းရွာမှာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခံခဲ့ရတာပါ။ တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ထန်ရှင်းခိုင်က “ဇွန် ၂၉ ရက်မှာ ရွာကို ပြန်ရောက်လာတယ်။ ကွာရန်တင်းထားပြီး Swab (အာခေါင်၊ နှာခေါင်းတို့ဖတ်) ပို့စစ်ကြည့်တော့ ကလေးတယောက်မှာပဲ ပိုးတွေ့တယ်လို့ ဇူလိုင် ၉ ရက်မှာ အဖြေထွက်လာပါတယ်။ အဲဒီနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၅၀ လောက်မှာပဲ ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ တယောက်နဲ့ သူတို့ အမျိုးတယောက်က ဆိုင်ကယ်နဲ့ လိုက်ပို့ပေးပါတယ်” လို့ ပြောပါတယ်။ ဟိုင်ကျင်းရွာဟာ တွန်းဇံမြို့နဲ့ မိုင် ၈၀ လောက်ဝေးပြီး လမ်းခရီးကလည်း ဆိုးတာကြောင့် ဆိုင်ကယ်နဲ့ ကျီခါးမြို့အထိ သွားရောက်ကြရပါတယ်။ ကျီခါးမြို့ကနေ လူနာတင်ယာဉ်နဲ့ တွန်းဇံမြို့ကို ထပ်ခေါ်ယူလာပြီး တွန်းဇံမြို့ဆေးရုံမှာ တည အိပ်ခဲ့ရပါသေးပါတယ်။ နောက်နေ့မှာမှ လူနာတင်ယာဉ်နဲ့ တီးတိန်မြို့ဆေးရုံကို ရောက်ခဲ့ကြတာပါ။ လူနာရဲ့ လက်ရှိအခြေအနေဟာ ပုံမှန်ပဲ ဖြစ်ပြီး လာမယ့် ဇူလိုင် ၁၆ ရက်နေ့မှာ ထပ်ပြီး စစ်ဆေးမယ်လို့ ဒေါက်တာထန်ရှင်းခိုင်က ပြောပါတယ်။ ဓာတ်ပုံ - ဒေါက်တာထန်ရှင်းခိုင်
11 months Ago
Up