လူနာအမှတ် ၁၄၄ ၏နေအိမ်

June 2, 2020

မိုးညှင်းမြို့ရှိ ကိုဗစ်-၁၉ လူနာအမှတ် ၁၄၄ ၏နေအိမ်ကို Lockdown ရုပ်သိမ်း 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ကိုဗစ်-၁၉ လူနာအမှတ် ၁၄၄ ဟာ ရောဂါပိုးကင်းစင်ပြီးနောက်နေအိမ်မှာ နောက်ဆုံးအကြိမ် Home Quarantine ၇ ရက်နေထိုင်နေတာ ဒီကနေ့မှာ ရက်ပြည့်သွားပြီဖြစ်ပါတယ်။   ဒေသခံ ဆရာဝန် ဒေါက်တာ ဖြူလေးဝေက “ဒီလူနာအမှတ် ၁၄၄ ဟာ ရောဂါကင်းစင်သွားလို့ ခေါင်းပေါ်က အထုပ်ကြီးပြုတ်သွားသလို ပေါ့ပါးသွားတယ်။ မြို့အတွက်လည်းစိတ်ချမ်းသာသွားတယ်။ သူကို တတ်နိုင်ရင် အနားယူခိုင်း စေချင်တယ်။ အဟာရပြည့်တာတွေ စားစေချင်တယ်။ ကျမတို့နဲ့လည်း အဆက်သွယ်ပြတ်မှာ မဟုတ်ဘူး။ လူများတဲ့ဆီကိုလည်း မသွားစေချင်သေးဘူး အပြည့်အဝ အနားယူစေချင်တယ်”လို့ ပြောပါတယ်။ ဒီနေ့ မနက် ၇ နာရီမှာ လူနာရဲ့ နေအိမ်ကို  Lockdown ချထားတာကို ပြန် ရုပ်သိမ်းခဲ့တယ်လို့ အောင်သပြေ အုပ်ချုပ်ရေးမှူး ဦးနော်လာထံက ပြောပါတယ်။ လူနာအမှတ် ၁၄၄ ဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ချန်းရိဖိနပ်စက်ရုံမှာ တရုတ်စကားပြန်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ သူဟာ ဧပြီ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ကနေပြန်ရောက်လာပြီးမိုးညှင်းမြို့ ပုညရှင် မျက်စိကုဆေးရုံမှာ Facility Quarantine ဝင်ရောက်ခဲ့ပြီး ဧပြီ ၂၄ မှာ ပိုးတွေ့ရှိလို့ မြစ်ကြီးနားပြည်သူ့ဆေးရုံကို ဧပြီ ၂၅ ရက်နေ့က ပို့ဆောင် ကုသမှုခံယူခဲ့တာပါ။ မြစ်ကြီးနားပြည်သူ့ဆေးရုံမှာ ၂ ကြိမ်တိုင်စစ်ဆေးရာ ပိုးမတွေ့တဲ့အတွက် မြစ်ကြီးနား သားဖွားသင်တန်းကျောင်းမှာ ၇ ရက် ကွာရန်တင်းနေထိုင်ပြီး  အခု မိုးညှင်းရှိအောင်သပြေ ၁ နေအိမ်မှာ Home Quarantine ၇ ရက် ဆက်လက်နေထိုင်ပြီး အပြီးတိုင် Lockdown ဖြေလျှော့ခဲ့တာဖြစ်ပါတယ်။  လူနာ အမှတ် ၁၄၄ ရဲ့ဖခင် ဦးလောအေကတော့ “သူ့ရဲ့ အလုပ်က ရောဂါပျောက်သွားရင် မြန်မြန်ပြန်လာပါတဲ့။ ဖြစ်နိုင်ရင် အမြန်ပြန်လာဖို့ ပြောတယ်။ မိဘက မသွားခိုင်းဘူး။ ဒီတစ်နှစ်အတွင်းမှာ ဘယ်ကိုမှ မသွားခိုင်းသေးဘူး”လို့ ပြောပါတယ်။ လူနာ အမှတ် ၁၄၄ ဟာ ဆေးဝါးကုသမှုခံယူချိန် စုစုပေါင်း ၁ လခွဲခန့်ကြာမြင့်ခဲ့တယ်လို့ အောင်သပြေ အုပ်ချုပ်ရေးမှူးထံက သိရပါတယ်။ သတင်း - ခင်သန်းညွန့် 
1 year Ago
Up