လူနာသစ် ၇၀

August 30, 2022

မြန်မာတွင် ကိုဗစ်လူနာသစ် ၇၀ နီးပါး ထပ်မံတွေ့ရှိ၊ ကူးစက်ခံရသူ ၆၁၅,၀၀၀ ကျော်ထိရှိလာ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်အယောက် ၇၀ နီးပါးထပ်မံပြီးတော့ စံချိန်တင်စစ်ဆေးတွေ့ရှိခဲ့ရပြီး အဲဒီထဲက ၈၈ ဒသမ ၂၄ ရာခိုင်နှုန်းက ပြည်တွင်း ကူးစက်ဖြစ်ပွားသူတွေလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၇,၉၁၈ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၆၈ ယောက် တွေ့ရှိရတာဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၈၆ ရာခိုင်နှုန်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူမရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၃၇ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၁၅,၀၃၀ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၅၉၃,၄၉၅ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကတော့   ကိုဗစ်-၁၉ အသစ်ဖြစ်ပွားမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တကမ္ဘာလုံးအတိုင်းအတာအရ မြင့်တက်လာ တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားသတင်းထုတ်ထားပါတယ်။

ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအပြင် မဖြစ်မနေ လိုက်နာကြရမယ့် ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ဆက်လက်လိုက်နာဆောင်ရွက်ကြဖို့ အထူးအရေးကြီး တယ်လို့ NUG အစိုးရက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက်တွေကို နေ့စဉ်ထုတ်ပြန်နေတာကို တွေ့ရပြီး ခုရက်ပိုင်းမှာတော့ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်း လောက်တောင် မရှိတော့ဘဲ သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာတာကြောင့် မတ် ၁၆ ရက်က စတင်ကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

3 months Ago

January 10, 2021

မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၇၀ ထပ်မံတွေ့ရှိ

မကွေးတိုင်းမှာ ဇန်နဝါရီ ၉ ရက်နေ့က စလင်းမြို့နယ်က ၂၃ ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် အယောက် ၇၀ ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ပိုးတွေ့လူနာတွေကတော့ စလင်းမြို့နယ်က ၂၃ ယောက်၊ အောင်လံက ၁၂ ယောက်၊ မကွေးက ၇ ယောက်၊ ရေနံချောင်းက ၅ ယောက်၊ ရေစကြိုနဲ့ မင်းလှမြို့နယ်က ၄ ယောက်စီ၊ ချောက်၊ တောင်တွင်းကြီးနဲ့ မြိုင်မြို့နယ်တွေက ၃ ယောက်စီ၊ ပွင့်ဖြူနဲ့ မင်းဘူးမြို့နယ်တွေက ၂ ယောက်စီ၊ ဆင်ပေါင်ဝဲနဲ့ ဆိပ်ဖြူမြို့နယ်တွေက ၁ ယောက်စီ ဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြာရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာတွေကတော့ ရောဂါပိုးရှိသူ နဲ့ ထိစပ်တဲ့သူတွေ၊ အနံ့ပျောက်တဲ့သူတွေ၊ စောင့်ကြည့် သံသယလူနာတွေ၊ အသွားလာကန့်သတ်ထားတဲ့သူတွေနဲ့ ယာဥ်မောင်း ယာဥ်နောက်လိုက်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ပိုးတွေ့လူနာတွေထဲမှာ မကွေးမြို့၊ မဲထီးလမ်းမှာ ကားဝပ်လျှော့လုပ်ကိုင်တဲ့ အတည်ပြုလူနာ ဖခင်ဖြစ်သူနဲ့ ထိစပ်ခဲ့တဲ့ ၉ လ အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်တယ်လို့ အတည်ပြုလူနာတွေကို ပို့ဆောင်ပေးတဲ့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ ဇန်နဝါရီ ၉ ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၈၁၃ ယောက်နဲ့ သေဆုံးသူ ၈ ယောက်ရှိပြီလို့ တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မင်းထီး

2 years Ago
Up