လူနာသစ် ၁၃၈၇ ဦး

October 18, 2020

ကိုဗစ်-၁၉ လူနာသစ် ၁၃၈၇ ဦးတွင် အနံ့မရသူ ၃၅၀ ပါဝင်၊ ရန်ကုန်က ၁၀၆၃ ဦးဖြင့် အများဆုံးတွေ့

မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၃၈၇ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁၀၆၃ နဲ့ အများဆုံး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၅ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း) က ၈၈ ယောက်၊ မင်္ဂလာဒုံက ၈၆ ယောက်၊ လှိုင်သာယာ ၈၂ ယောက်၊ လှိုင် ၇၉ ယောက်၊ မြောက်ဥက္ကလာပက ၇၄ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ် ၄၂ မြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်း မြို့နယ် ၉ ခုမှာ အယောက် ၇၀၊ မန္တလေးတိုင်း ၁၀ မြို့နယ်မှာ ၆၆ ယောက်၊ ဧရာဝတီတိုင်း ၈ မြို့နယ်မှာ ၃၅ ယောက်၊ ရခိုင်ပြည်နယ် ၉ မြို့နယ်မှာ ၆၁ ယောက်၊ မကွေးတိုင်း ပခုက္ကူမြို့မှာ ၁ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၄ ခုမှာ ၈ ယောက်၊ မွန်ပြည်နယ် မြို့နယ် ၃ ခုမှာ ၆၉ ယောက်၊ နေပြည်တော် မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ရှမ်းပြည်နယ် နမ္မတူက ၁ ယောက်၊ ချင်းပြည်နယ် ဖလမ်းမြို့နယ် ၂ ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၅ ယောက်၊ ကချင်ပြည်နယ် မြို့နယ် ၂ ခုမှာ ၃ ယောက် အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၈၇ ယောက်ထဲမှာ အနံ့မရသူ ၃၅၀ ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၃၄,၈၇၅ ယောက်၊ သေဆုံးသူ ၈၃၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၆,၃၇၀ ယောက် ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ သန်း ၄၀ ကျော်၊ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၂၉ ဒသမ ၉ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
1 year Ago
Up