လူနာသစ်၁၂၁၀

October 31, 2020

ကိုဗစ်-၁၉ လူနာသစ် ၁၂၁၀ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၈ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၁၂၁၀  ယောက် ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၁၈ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၁၈ ယောက်ထဲမှာ ၁၃ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၃၀ ရက် ည ၈ နာရီမှ ၃၁ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း  ၁၂၁၇၀ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁၂၁၀ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။  လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံက ဆင်းခွင့်ရသူ ၁၄၄၄ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၂၉၁ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၁၅၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁၅၄၄ ယောက်ကို  နေအိမ်တွေမှာ အသွား အလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၃၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၂၇၀၆ ယောက်၊ သေဆုံးသူ ၁၂၃၇  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၃၂၇၇၄  ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းနီးပါးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
2 years Ago
Up