လူနာလက်မခံ

February 5, 2021

တပ်မတော်ဆေးရုံက လူနာများကို လက်မခံဘဲ ပြန်လွှတ်နေ

တိုင်းရင်းသားပြည်သူတွေ တပ်မတော်ဆေးရုံမှာ ဆေးကုသနိုင်တယ်လို့ ထုတ်ပြန်ချက်ကြောင့်  လူနာတွေကို တပ်မတော် ဆေးရုံကို  ဆေးကုသဖို့ လွှဲပြောင်းပေးလိုက်မယ့် လက်မခံဘဲ  ပြန်လွှတ်နေတယ်လို့  ဆရာဝန်တွေက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ ကန်တော်ကြီးမျက်စိဆေးရုံကို ခွဲစိတ်ဖို့ ရောက်လာတဲ့ ကလေးလူနာကို မင်္ဂလာဒုံစစ်ဆေးရုံကို  လွှဲပြောင်းလိုက်ပေမယ့်  ဆေးစာပဲ ရေးပေးပြီး လူနာကို  လက်မခံဘဲ  လိုက်တာပါ။

အလားတူ မန္တလေးတိုင်းအတွင်းရှိ ကလေးဆေးရုံကနေ  လူနာကို နန်းတွင်းရှိ တပ်မတော်ဆေးရုံကို လွှဲပြောင်းလိုက်ပေမယ့် ကလေး ကုသမပေးဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်လို့ မန္တလေးတိုင်းအတွင်းရှိ Civil Disobedience Campaign  ပါဝင်လှုပ်ရှားနေသူ ဆရာဝန်တစ်ဦးက ပြောပါတယ်။

“အစက လူနာက ကျနော်တို့ ကြည့်ရှုပေးတဲ့လူနာ ၊  ကျနော်တို့ဆီမှာ ကျန်တဲ့လူအင်အားနဲ့ ဆက်ပြီးကြည့်ပေးထားတာ။   သူတို့က  ကုသပေးမယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်တဲ့အတွက် ကျနော်တို့က  လူနာတွေကို လွှဲပေးလိုက်တာ။ CDM တွေလုပ်နေတဲ့ ဆေးရုံတွေက သူတို့ဆီကို လူနာတွေလွှဲတယ်။ သူတို့က လက်မခံဘဲ ပြန်လွှတ်တယ်။ အခုသိရသလောက် ရန်ကုန်မှာဆိုရင် ကန်တော်ကြီးဆေးရုံ နောက်  နန်းတွင်းထဲက တပ်မတော်ဆေးရုံပဲ  “ လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

လက်ရှိတော့  လူနာတွေက City  ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံကို ဆက်သွယ်ဆေးကုသမှု ခံယူနိုင်တယ်လို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီ ၄ ရက်နေ့ ရက်စွဲနဲ့  သတင်းထုတ်ပြန်လိုက်ပါတယ်။

အစိုးရဆေးရုံတွေရှိ ဆရာဝန်နဲ့  ကျန်းမာရေးဝန်ထမ်းတွေက စစ်အစိုးရလက်အောက်မှာ အလုပ်မလုပ်ဘူးဆိုပြီး အလုပ်မသွားဘဲ  Civil Disobedience Campaign လှုပ်ရှားမှုကို  ဆောင်ရွက်နေပါတယ်။

2 years Ago
Up