လူနာပို့ယာဉ်

September 28, 2021

ထိုင်းတွင် လူနာပို့ယာဉ် တံတားအောက်ရေထဲထိုးကျသဖြင့် ၁ ဦး သေဆုံး၊ ၁ ဦးပျောက်ဆုံး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ နခွမ်းဆဝမ်ခရိုင်မှာ စက်တင်ဘာ ၂၈ ရက်မနက်က ရေကြီးပြီး ထက်ပိုင်းကျိုးကျနေတဲ့ တံတားတစင်းပေါ်ကို လူနာတင်လာတဲ့ ယာဉ်တစ်စီး ဖြတ်မောင်းရာမှ ရေထဲ ထိုးကျသွားပြီး ယာဉ်မောင်း ရေစီးထဲမျောပါပျောက်ဆုံးကာ လူနာလည်း သေဆုံးသွားတယ်လို့  khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

နခွမ်းဆဝမ်ခရိုင် လတ်ယောင်းမြို့နယ်ရှိ မဲ့ဝုန်း - လတ်ယောင်းလမ်းမကြီးပေါ်က တံတား တစ်စင်းဟာ လွန်ခဲ့တဲ့ ၂ ရက်က ရေကြီးမှုကြောင့် ထက်ပိုင်းကျိုးကျနေတာလို့ ဆိုပါတယ်။

ရေကြီးနေလို့ တံတားမပြုပြင်နိုင်သေးခင် သတိပေးဆိုင်းဘုတ်ရေးထားပေမဲ့ ဒီမနက် ၁၀ နာရီလောက်က အီဇူးစူးဟိုင်းလပ်ကားတစ်စီးဟာ အရှိန်နဲ့မောင်းနှင်လာပြီး ကျိုးနေတဲ့ တံတားနားရောက်တော့ ရေထဲ ထိုးကျသွားတာလို့ မျက်မြင်တွေက ပြောပါတယ်။ 

အဆိုပါကားပေါ်မှာ နေမကောင်းလို့ အသည်းအသန်ဖြစ်နေတဲ့ အဘွားကြီးတစ်ယောက်၊ သူ့ရဲ့ မြေးမလေးနဲ့ သမီးဖြစ်သူတို့လိုက်ပါလာကြောင်း၊ သမီးဖြစ်သူက ကားမောင်းကာ ဆေးရုံကိုအမြန်သွားဖို့ အရှိန်နဲ့ မောင်းနှင်လာစဉ် ခုလိုမတော်တဆဖြစ်တာလို့ ဆိုပါတယ်။ 

သူတို့ကားဟာ ရေထဲကို ၉၀ ဒီဂရီနီးပါးထိုးကျနေတာကြောင့် အနီးနားရှိလူတွေက ကူညီဖို့နည်းလမ်းရှာဖွေစဉ် ကားမောင်းတဲ့အမျိုးသမီးက တံခါးဖွင့်ဆင်းလာကြောင်း၊ သူဟာရေထဲ ကျသွားပြီး လူတွေက သူ့ကို ဆွဲတင်ဖို့လုပ်နေတုန်း ရေစီးကြောင်းနဲ့အတူ မျောပါပျောက်ဆုံး သွားတာလို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီး ကားကိုဆွဲတင်ရာမှာတော့ ကားနောက်ခန်းရှိ လူမမာ အဘွားအိုလည်း သေဆုံးနေပြီလို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

ဒါ့အပြင် ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားမြို့နယ် ခုတ်ဆုန် - လမ်းချိန်းကရိုင်း လမ်းမကြီးပေါ်မှာ ဒီနေ့မနက်က အရှည် ၁ ကီလိုမီတာလောက်  ရေကျော်နေတာကြောင့် ဘတ်စ်ကားတစ်စီး ဘေးစောင်းလဲကျပြီး ရေစီးထဲပါသွားမလိုဖြစ်သွားပါတယ်။  ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်  ၁ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက အချိန်မီကယ်တင်နိုင်ခဲ့ပါတယ်။ အဲ ဒီကားဟာ ကုမ္ပဏီတခုက ဝန်ထမ်းတွေကို လုပ်ငန်းခွင်သွားပို့ခဲ့ပြီးအပြန်မှာ မတော်တဆဖြစ်တာလို့ ဆိုပါတယ်။

2 years Ago
Up