လူနာတင်ယာဉ်

July 27, 2018

လူနာတင်ယာဉ် ၅၅ စီးကို ပထမဆုံးအကြိမ် တပ်ဆင်ထုတ်လုပ်

စက်မှုဝန်ကြီးဌာနက ၁ စီးကို ကျပ်သိန်း ၇၄၀ တန်ဖိုးရှိ လူနာတင်ယာဉ် ၅၅ စီးကို ပထမဆုံးအကြိမ် တပ်ဆင်ထုတ်လုပ်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် တိုယိုတာအမျိုးအစား လူနာတင်ယာဉ် ၅၅ စီးကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး မနေ့က လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ UMFCCI မှာ လူနာတင်ယာဉ် မိတ်ဆက်တဲ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ လူနာတင်ယာဉ် ၅၅ စီးကို ရေတာရှည်မြို့နယ် သာဂရနယ်မြေရှိ မြေသယ်ယာဉ်တွေ၊ စက်ယန္တရားကြီးတွေ ထုတ်လုပ်တဲ့ အမှတ် (၁၅) အကြီးစားစက်ရုံမှာ တင်ဆင်ထုတ်လုပ်ခဲ့တာပါ။ အဆိုပါယာဉ်ဟာ ၁ နှစ်အာမခံ Hiace Komputer မော်ဒယ်သစ် ဒီဇယ်အင်ဂျင်အမျိုးအစားဖြစ်ပြီး လူနာတင်ယာဉ်နဲ့ကိုက်ညီမှုရှိစေဖို့ စက်မှုဝန်ကြီးဌာနမှ ကျွမ်းကျင်သူတွေနဲ့ တူရကီနိုင်ငံက ပညာရှင်တွေ ပူးပေါင်းကာ ဒီဇိုင်းပုံစံအသစ်ရေးဆွဲပြီး ပြည်တွင်းမှာ ပြန်လည်တပ်ဆင်ထုတ်လုပ်တာဖြစ်ပါတယ်။ လူနာတင်ယာဉ်အတွင်း နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ CAS က သတ်မှတ်ထားတဲ့အတိုင်း အညစ်အကြေးတွေ၊ ဆေးကြောမှု လွယ်ကူဖို့နဲ့ ရောဂါပိုးမွှားတွေ ခိုအောင်းမှု မဖြစ်ရေး စနစ်တကျဖြစ်စေဖို့ စံနှုန်းအတိုင်း ဆောင်ရွက်ထားသလို နှလုံးနှိုးဆွစက်၊ အချွဲစုပ်စက်၊ သွေးကြောသွင်းဆေးရည်တွေ ထိုးသွင်းနိုင်တဲ့ ပစ္စည်းကိရိယာ ၄၁ မျိုးပါဝင်ပါတယ်။ လက်ရှိမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအတွက် တပ်ဆင်ထုတ်လုပ်ပေးပေမယ့် ဌာနဆိုင်ရာနဲ့ ပရဟိတအဖွဲ့အစည်းတွေအပါဝင် မှာယူသူရှိပါက ထုတ်လုပ်ပေးသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

June 8, 2017

မီးနီဖြတ်မောင်းသည့် လူနာတင်ယာဉ် ဟွန်ဒါကားနှင့်တိုက်မိပြီး တိမ်းမှောက် (ရုပ်သံ)

ယူကရိန်းနိုင်ငံ အနောက်တောင်ပိုင်း ဒွန်ရက်က်စ်အော့ဘလက်စ်ဒေသရှိ ဒွန်ရက်စ်က်မြို့မှာ လူနာမိန်းကလေးငယ်ကို သယ်ဆောင်ပြီး အမြန်နှုန်းနဲ့မောင်းနှင်လာတဲ့ အရေးပေါ်လူနာတင်ယာဉ်က ဟွန်ဒါ စီအာဗွီကားနဲ့တိုက်မိပြီး မှောက်သွားတဲ့ ယာဉ်မတော်တဆမှု ဖြစ်ခဲ့တယ်လို့ မေရာရဲ့ ဇွန်လ ၈ ရက်နေ့သတင်းမှာ ရေးထားပါတယ်။ အဲဒီလမ်းဆုံမှာ မီးပွိုင့်စောင့်နေတဲ့ ကားတစီးရဲ့ ဒက်ရှ်ဘုတ်ကင်မရာကနေ ဖမ်းယူရိုက်ကူးမိတဲ့ ရုပ်သံဖိုင်ထဲမှာ လူနာတင်ယာဉ်က အမြန်နှုန်းနဲ့ မီးနီပြထားတဲ့မီးပွိုင့်ကို ဖြတ်မောင်းစဉ် ဂျစ်ကားနဲ့ တိုက်မိသွားပြီး မှောက်သွားတာကို တွေ့ရပါတယ်။ အရေးပေါ်အခြေအနေမှာ လူနာမိန်းကလေးငယ်ကို နီးစပ်ရာဆေးရုံဆီ ပို့ရမှာမို့ လူနာတင်ယာဉ် ကားသမားက မီးနီကိုမကြည့်မိဘဲ ဖြတ်မောင်းခဲ့တာပါ။ ဒါပေမယ့် အမည်းရောင် ဟွန်ဒါစီအာဗွီကားကလည်း လူနာတင်ယာဉ်လာတာကို မမြင်လို့ ဒီလိုတိုက်မိသွားတာလို့ သိရပါတယ်။ ကား ၂ စီးတိုက်မိတဲ့ အရှိန်ကြောင့် လူနာတင်ယာဉ်က ၁၈၀ ဒီဂရီ လည်သွားပြီး လမ်းမအလယ်ပေါ်မှာ ကားရဲ့တခြားတဖက်ကို ဘေးစောင်းလဲကျသွားပါတယ်။ လူနာမိန်းကလေးငယ်ရဲ့ လက်ရှိအခြေအနေ၊ ကားတိုက်မှုအတွင်း ဒဏ်ရာတွေ ထပ်ပြီး ရခဲ့သလားဆိုတာနဲ့ ဘယ်သူတွေ ထိခိုက်ဒဏ်ရာရတယ်ဆိုတာကို မသိရသေးပါဘူး။ ကားမတော်တဆတိုက်မှု ဖြစ်ပြီးပြီးခြင်း လူနာကို တခြားလူနာတင်ယာဉ်တစီးက တင်ဆောင်သွားတယ်လို့ ဘေးက ရပ်ကြည့်နေသူတွေက ပြောပါတယ်။ ဒီယာဉ်တိုက်မှုကြီးကို လူမှုကွန်ရက်ပေါ် တင်လိုက်ရာမှာ ကြည့်ရှုသူ အများအပြား ရှိခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ကြည့်ရှုခဲ့သူတဦးက “လူနာတင်ယာဉ် ကားမောင်းသမားက အချိန်မီရောက်အောင် မြန်နိုင်သမျှ မြန်မြန် မောင်းခဲ့တာပဲ၊ ဒါပေမယ့် သူက လမ်းပေါ်မှာ ဂရုထားသင့်တယ်၊ တည်ငြိမ်သင့်တယ်” လို့ မှတ်ချက်ပေး ရေးထားပါတယ်။
4 years Ago
Up